ချယ်လ်ဆီးတိုက်စစ်မှူးလူကာကူကတော့ အသင်းမှာ အခက်အခဲတွေရင်ဆိုင်နေရပြီး မနေ့ကကစားခဲ့တဲ့ လီဗာပူးလ်နဲ့ပွဲမှာဆိုရင် အသင်းလူစာရင်းကနေတောင် ချန်လှပ်ခံနေရပြီဖြစ်ပါတယ်။ အင်တာဗျူးမှာ ချယ်လ်ဆီးကို ပြောင်းချင်လို့ပြောင်းခဲ့တာမဟုတ်ဘူးလို့ ယူဆရတဲ့ ပြောဆိုမှုမျိုး၊ အသင်းဟောင်းအင်တာမီလန်ကို ပြန်ပြောင်းချင်တယ်လို့ ပြောဆိုခဲ့မှုတွေကြောင့် လူကာကူတယောက် တိုင်ပတ်နေခဲ့ပါပြီ။
သူ့ရဲ့ပြောဆိုမှုတွေနဲ့ပတ်သက်ပြီး အသင်းပရိသတ်တွေကလည်း ဒေါသထွက်နေခဲ့ကာ အသင်းကနေ ပြန်ထွက်သွားဖို့အတွက် မျှော်လင့်နေကြပါတယ်။ တဖက်မှာလည်း အင်တာမီလန်ကို ထားရစ်ခဲ့ပြီး သာရာသွားနားတဲ့ လူကာကူကို သူတို့ဆီပြန်မလာဖို့အတွက် အင်တာမီလန်ပရိသတ်တွေက စာရေးသားပြောဆိုခဲ့ကြကာ သူတို့ဆန္ဒကို ထုတ်ဖော်ခဲ့ကြပါတယ်။
တနင်္လာနေ့ (ဒီနေ့) မှာ လူကာကူက အသင်းနဲ့အစည်းအဝေးပြုလုပ်ကာ ဆွေးနွေးရဖို့ရှိနေတယ်လို့ သိရပြီး ဒီအခြေအနေတွေနဲ့ပတ်သက်ကာ ဘယ်လ်ဂျီယံကစားသမားက အဲဗာတန်အသင်းဖော်ဟောင်း ဂိုးသမားကြီးတင်ဟောင်းဝပ်ဆီ မက်ဆေ့ပို့ကာ ပြောဆိုခဲ့တယ်လို့ NBC Sports Soccer က ဖော်ပြသွားခဲ့ပါတယ်။
လူကာကူက "ငါ အများကြီးတော့ မပြောနိုင်သေးဘူး၊ အခြေအနေတွေက ရှုပ်ထွေးနေတယ်၊ တနင်္လာနေ့မှာ အစည်းအဝေးလုပ်ဖို့ရှိပြီး အဲဒါပြီးရင်တော့ အခြေအနေတွေကို ပြောနိုင်တော့မှာပါ" လို့ ပါရှိခဲ့ကြောင်း တင်ဟောင်းဝပ်က ဖောက်သည်ချခဲ့ပါတယ်။ ဒါဟာ လူကာကူတယောက် တော်တော်လေးဂယက်ထနေတာ ထင်ရှားနေခဲ့ပြီး အသင်းဖော်တွေရဲ့ ငြိုငြင်မှုကိုလည်း ခံနေရတယ်လို့ ယူဆရပါတယ်။
အင်တာကနေ ပေါင်သန်း ၁၀၀ နဲ့ ချယ်လ်ဆိးကို ပြောင်းရွှေ့ခဲ့တဲ့ လူကာကူက တူချယ်လ်ရဲ့ နည်းစနစ်တွေနဲ့ပတ်သက်ပြီး လူသိရှင်ကြားပြောဆိုခဲ့သလို အသင်းကနေပြန်ထွက်သွားချင်တယ်လို့လည်း ပြောဆိုခဲ့တာပါ။ တူချယ်လ်ကလည်း ဒီအပေါ်ဒေါသထွက်နေခဲ့ပြီး ကစားသမားနဲ့ စကားပြောဆိုဖို့ရှိတယ်လို့ ဝန်ခံခဲ့ကာ လက်ရှိအနေအထားမှာတော့ လူစာရင်းကချန်လှပ်ထားတာက အကောင်းဆုံးဖြစ်တယ်လို့လည်း ဆိုခဲ့ပါတယ်။