Tesla အမှုဆောင်အရာရှိချုပ်နဲ့ SpaceX တည်ထောင်သူ အီလွန်မတ်စ်လည်း ကိုယ်ပိုင် Social Media ပလက်ဖောင်းသစ်တစ်ခု ဖန်တီးဖို့ အလေးအနက်စဉ်းစားနေတယ်လို့ ပြောပါတယ်။
Twitter ပလက်ဖောင်းက လွတ်လပ်စွာ ပြောဆိုမှု Free Speech ကို ခွင့်မပြုဘူးလို့ အီလွန်မတ်စ်က Tweet တင်ပြီး ဝေဖန်ခဲ့ပြီးနောက် ကိုယ်ပိုင်ပလက်ဖောင်းထောင်ဖို့ စဉ်းစားနေကြောင်း ပြောလာတာပါ။
"Twitter က မျက်မြင်မှာတော့ အများပြည်သူဆုံရပ်လို လုပ်နေတယ်ဆိုပေမယ့် ဒီမိုကရေစီအခြေခံမူဖြစ်တဲ့ လွတ်လပ်စွာ ပြောဆိုခွင့်ကို လိုက်နာဖို့ ပျက်ကွက်နေတယ် " လို့ မတ်စ်က Tweet တင်ခဲ့တာပါ။ "ဘယ်လို လုပ်သင့်သလဲ" လို့လည်း သူ့ရဲ့ Tweet က မေးခွန်းထုတ်ထားပါတယ်။
ဒီနောက်မှာတော့ ပလက်ဖောင်းသစ်တစ်ခု လိုအပ်နေပြီလားလို့ မေးခွန်းထုတ်ထားပါတယ်။ Twitter Users တစ်ဦးက မတ်စ်ကို mention ခေါ်ပြီး Social Media ပလက်ဖောင်းသစ် ထောင်ဖို့ စဉ်းစားနေသလားဆိုတဲ့ မေးခွန်းကို အလေးအနက်စဉ်းစားနေတယ်လို့ မတ်စ်က ပြန်ဖြေထားပါတယ်။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အတွက် ကတိပြုထားတယ်လို့ ဆိုတဲ့ Twitter ကတော့ မတ်စ်ရဲ့ ဝေဖန်ချက်တွေကို မှတ်ချက်ချခြင်း မရှိပါဘူး။
Twitter မှာ Followers သန်း ၈၀ နီးပါး ရှိတဲ့ အီလွန်မတ်စ်ဟာ အရေးပါတဲ့ ဆုံးဖြတ်ချက်တချို့နဲ့ သတင်းအချက်အလက်တချို့ကို Twitter ပေါ်ကနေပဲ မျှဝေလေ့ရှိပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလထဲမှာကိုပဲ မတ်စ်ဟာ သူ့ပိုင် Tesla စတော့ခ်ရှယ်ယာ ၁၀% ရောင်းသင့် ၊ မရောင်းသင့်ကို Twitter ပေါ်မှာ မဲခွဲဆုံးဖြတ်စေခဲ့သူ ဖြစ်ပါတယ်။ တကယ်လို့ မတ်စ်သာ Twitter ကို စွန့်ခွာပြီး ကိုယ်ပိုင် Social Media တစ်ခု ထောင်မယ်ဆိုရင် သူဟာ သမ္မတဟောင်း ဒေါ်နယ်ထရမ့်ပြီးရင် ဒုတိယမြောက် ကိုယ်ပိုင် Social Media ထောင်တဲ့သူ ဖြစ်လာမှာပါ။
အမေရိကန်သမ္မတဟောင်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလထဲမှာ Truth Social နာမည်နဲ့ လူမှုကွန်ရက် App တစ်ခု ထောင်ခဲ့ပါတယ်။ Trump Media And Technology Group အောက်ကနေ ထွက်လာတဲ့ Twitter စတိုင် Truth Social ပလက်ဖောင်းဟာ တရားဝင်စတင် ဖြန့်ချိချိန်မှာ နည်းပညာချို့ယွင်းချက်တွေ ရှိခဲ့ပေမယ့် Apple App Store ရဲ့ လူသုံးအများဆုံး Top Charts App မှာ နံပါတ် ၁ ဖြစ်ခဲ့ပါတယ်။ ထရမ့်ဟာ အကြမ်းဖက်အောင် လှုံ့ဆော်စေမှုနဲ့ ပြီးခဲ့တဲ့နှစ် ဇန်နဝါရီလကတည်းက Twitter သုံးခွင့် အပိတ်ခံထားရသူလည်း ဖြစ်ပါတယ်။
အခုနောက်ပိုင်းမှာ Facebook ၊ Instagram ၊ Twitter နဲ့ TikTok တို့ကို ယှဉ်ဖိုက်ဖို့ Rumble ၊ Parler နဲ့ Gettr တို့လို Social Media ပလက်ဖောင်းတွေလည်း အပြိုင်အဆိုင် ပေါ်ပေါက်လာနေပါတယ်။