Privateer Space ဆိုတာ Apple co-founder စတိဗ် ဝေါ့ဇ်နိခ် တည်ထောင်လိုက်တဲ့ ပုဂ္ဂလိက အာကာသကုမ္ပဏီတစ်ခုရဲ့ နာမည်ဖြစ်ပါတယ်။
Apple တည်ထောင်သူတစ်ဦးဖြစ်တဲ့ စတိဗ်ဝေါ့ဇ်နိခ်ဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာ ကိုယ်ပိုင်အာကာသယာဉ်တည်ထောင်လိုက်ကြောင်း Twitter မှာ ရေးတင်ခဲ့ပါတယ်။ သူ့ရဲ့ အာကာသကုမ္ပဏီကို Privateer Space လို့ နာမည်ပေးထားပြီး လူသားမျိုးနွယ်အားလုံးအတွက် အာကာသဆီ ဘေးကင်းစိတ်ချစွာ ရောက်ရှိနိုင်ဖို့ ရည်မှန်းချက်နဲ့ တည်ထောင်လိုက်တာ လို့ စတိဗ်ဝေါ့ဇနိခ် ညွှန်းထားတဲ့ YouTube ဗွီဒီယိုလင့်ခ်က ဆိုပါတယ်။
Photo : iTechPost
Privateer Space ကို Ripcord တည်ထောင်သူ အဲလက်ဖီလ်ဒင်းကလည်း ပူးတွဲတည်ထောင်သူအဖြစ် ပါဝင်ထားပါတယ်။ "ကောင်းမွန် မှန်ကန်တဲ့အရာတစ်ခု လုပ်ဖို့ ကျွန်တော်တို့နှစ်ယောက် ပူးပေါင်းလိုက်တာပါ။ နောက်မျိုးဆက်တွေကို ပိုမိုကောင်းမွန်တဲ့ မျိုးဆက်ဖြစ်လာဖို့ ကွန်တော်တို့တွေ အထောက်အပံ့ဖြစ်ပါစေဆိုပြီး လုပ်နေတာပါ။"လို့ ဆိုပါတယ်။
လောလောဆယ်တော့ ဒီကုမ္ပဏီအကြောင်း သတင်းအချက်အလက် အသေးစိတ်မသိရသေးပါဘူး။ကုမ္ပဏီရဲ့ အနာဂါတ်အစီအစဉ်တွေအကြောင်းကို ဟာဝိုင်အီကျွန်းက Wailea မှာ ဒီတစ်ပတ် စက်တင်ဘာ ၁၄ -၁၇ ကျင်းပသွားမယ့် AMOS conference ပွဲမှာ ချပြသွားမယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ ၃ နှစ်လောက်က စတိဗ် ဝေါ့ဇနိခ်ဟာ Woz U နာမည်နဲ့ coding Bootcamp တစ်ခု ထူထောင်ခဲ့ဖူးပါတယ်။
၃၃ ပတ်ကြာ ပရိုဂရမ်အတွက် သင်တန်းကြေး ဒေါ်လာ ၁၃၂၀၀ တောင်းတဲ့ Woz U ဟာ သင်တန်းပြီးတာနဲ့ အိုင်တီကုမ္ပဏီတွေနဲ့ ချိတ်ဆက်ပြီး အလုပ်ရှာပေးမယ်လို့ ကြေညာခဲ့ပါတယ်။ Woz U ဟာ အာမခံချက်တွေ ကတိပြုမှုတွေ အများကြီး ပေးခဲ့ပေမယ့် တကယ်တမ်းမှာတော့ အရည်အသွေးမမှီတဲ့ သင်ခန်းစာတွေပဲ သင်ခဲ့တာ ဖြစ်လို့ ပေးရတဲ့ ကြေးနဲ့ မတန်ဘူးဆိုပြီး ကျောင်းသားတွေဘက်က စောဒဂတက်ခဲ့ပါတယ်။
Photo: techradar
အာကာသလုပ်ငန်းထဲ ဝင်ရောက်လာတဲ့ ဝေါ့ဇနိခ်ရဲ့ အစီအစဉ်က ဘာတွေ ဖြစ်မလဲဆိုတာ မကြာခင် သိရမှာပါ။ သူ့ရှေ့မှာတော့ နာမည်ကျော် ထိပ်တန်းနည်းပညာဘက်က သူဌေးကြီးတွေ ဖြစ်တဲ့ အီလွန်မတ်စ် နဲ့ ဂျက်ဖ်ဘီဇော့စ်တို့ဟာ Blue Origin နဲ့ SpaceX ဆိုပြီး ကိုယ်ပိုင်အာကာသကုမ္ပဏီတွေ တည်ထောင်ထားကြပါတယ်။