ယူနိုက်တက်တိုက်စစ်မှူး ရော်နယ်ဒိုရဲ့ အပြောင်းအရွှေ့ကတော့ မသေချာခြင်းများစွာနဲ့ ရှေ့ဆက်နေခဲ့ပါတယ်။ ဒီကစားသမားဟာ ချန်ပီယံလိဂ်ကစားချင်တာကြောင့် ယူနိုက်တက်ကနေ ထွက်ခွာခွင့်တောင်းထားပေမယ့် သူ့ကိုခေါ်ယူလိုတဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ရအသင်းက ရှားပါးနေတာကြောင့် အခက်တွေ့နေရပါတယ်။
အခုနောက်ဆုံးထွက်ပေါ်လာတဲ့သတင်းတွေအရ ရော်နယ်ဒိုရဲ့အေးဂျင့် ဂျော့ချ်မန်ဒက်စ်က သူ့ကစားသမားကို ခေါ်ယူဖို့ ပီအက်စ်ဂျီထံ ကမ်းလှမ်းခဲ့ပေမယ့် ပြင်သစ်လီဂူးရဲ့ လက်ရှိချန်ပီယံကတော့ ငြင်းဆန်ပယ်ချလိုက်တယ်လို့ သိရှိရပါတယ်။ လက်ရှိ ပီအက်စ်ဂျီမှာ မက်ဆီလည်းရှိနေပြီး အသင်းအနေနဲ့ ရော်နယ်ဒိုကိုသာ ထပ်ခေါ်လိုက်ရင် ရော်နယ်ဒိုနဲ့မက်ဆီနှစ်ယောက်တွဲကစားတာကို ပရိသတ်တွေ ပထမဆုံးမြင်တွေ့ခွင့်ရရှိမှာပါ။
ဒါပေမယ့် ပီအက်စ်ဂျီကတော့ ဒါကိုငြင်းဆန်ပယ်ချလိုက်တာဖြစ်ပါတယ်။ ဂျော့ချ်မန်ဒက်စ်နဲ့ ပီအက်စ်ဂျီပိုင်ရှင် အယ်လ်ခီလိုင်ဖီ၊ အားကစားဒါရိုက်တာအသစ် လူးဝစ်ကမ်းပို့စ်တို့ဟာ ရင်းနှီးတဲ့ဆက်ဆံရေးတွေရှိကြပြီး လက်ရှိအချိန်အထိ အလုပ်တွဲလုပ်နေကြဆဲဖြစ်ပါတယ်။ ဒါ့အပြင် လက်ရှိနွေရာသီမှာ ပီအက်စ်ဂျီ ပေါ်တိုကနေ ခေါ်ယူထားတဲ့ ကွင်းလယ်လူ ဗီတင်ဟာရဲ့ အေးဂျင့်ကလည်း ဂျော့ချ်မန်ဒက်စ်ပဲဖြစ်ပါတယ်။
ဂျော့ချ်မန်ဒက်စ်ဟာ ကစားသမားပေါင်းများစွာအတွက် အယ်လ်ခီလိုင်ဖီနဲ့ ရင်းနှီးတဲ့ဆက်ဆံရေးတည်ဆောက်ထားတာကြောင့် ဒီအချက်ကို အသုံးချပြီး ရော်နယ်ဒိုကို ခေါ်ယူဖို့ ပီအက်စ်ဂျီကို ချဥ်းကပ်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ပီအက်စ်ဂျီကတော့ လက်ရှိအခိုက်အတန့်က ရော်နယ်ဒိုကို ခေါ်ယူဖို့ အခိုက်အတန့်ကောင်းမဟုတ်ဘူးလို့ ယုံကြည်ထားပါတယ်။
ဒါ့အပြင် အသင်းမှာ ရော်နယ်ဒိုအတွက် လစာငွေပေးချေဖို့ ဘဏ္ဍာရေးအရ အဆင်မပြေနိုင်တော့သလို နည်းပြသစ် ဂဲလ်တီယာရဲ့ အသင်းမှာလည်း နေရာမရနိုင်ဘူးလို့ ယူဆခဲ့ပါတယ်။ လက်ရှိ ပီအက်စ်ဂျီမှာ မက်ဆီ၊ နေမာ၊ အမ်ဘာပေတို့ သုံးယောက်ရှိနေတာကြောင့်လည်း ရော်နယ်ဒိုကို ခေါ်ယူဖို့က အဓိပ္ပာယ်မရှိဘူးလို့ ပြင်သစ်လီဂူးကလပ်က ယုံကြည်ထားပါတယ်။
ရော်နယ်ဒိုကို လက်ရှိနွေရာသီမှာ ငြင်းဆန်ခဲ့တဲ့အသင်းက အခု ပီအက်စ်ဂျီက ပထမဆုံးမဟုတ်ပါဘူး။ ဘိုင်ယန်မြူးနစ်ကလည်း ရော်နယ်ဒိုကို ခေါ်ယူဖို့ တရားဝင်ငြင်းဆန်ထားသလို ချဲလ်ဆီးဘက်မှာလည်း ပိုင်ရှင် တော့ဒ်ဘိုလီက စိတ်ဝင်စားနေသည့်တိုင် နည်းပြတူဟယ်လ်က ရော်နယ်ဒိုကို ခေါ်ယူလိုတဲ့ဆန္ဒမရှိပါဘူး။