ရီးရဲလ်မက်ဒရစ် ကွင်းလယ်လူ ဘယ်လင်ဟမ်ဟာ သူ့ရဲ့ ကိုယ်ပိုင်စားဖိုမှူးဖြစ်သူနဲ့ လမ်းခွဲလိုက်ကြောင်း သိရှိရပါတယ်။ ဒီလိုမျိုး လမ်းခွဲဖို့အတွက်လည်း ဘယ်လင်ဟမ်က မိခင်ဖြစ်သူနဲ့ အချေအတင်ဖြစ်ခဲ့ရကြောင်း သတင်းတွေက ဆိုပါတယ်။
ဘယ်လင်ဟမ်ရဲ့ စားဖိုမှူးဖြစ်သူ မက်စထရိုမက်တီယိုဟာ ဒီရာသီအစကတည်းက ဘယ်လင်ဟမ်ရဲ့ စားသောက်နေထိုင်မှုပုံစံတွေကို သီးသန့် တာဝန်ယူခဲ့ရသူတစ်ဦးပါ။ ဒါ့အပြင် သူက ရီးရဲလ်မက်ဒရစ် တိုက်စစ်မှူးဟောင်း ဘန်ဇီမာရဲ့ စားဖိုမှူးတစ်ဦးအဖြစ် ဆောင်ရွက်ခဲ့သူလည်း ဖြစ်ပါတယ်။
မက်စထရိုမက်တီယိုရဲ့ မိခင်ကုမ္ပဏီ ဆမ်းမမ်းဟာ ရီးရဲလ်မက်ဒရစ် ကြယ်ပွင့် ကာမာဗင်ဂါရဲ့ ကွင်းပြင်ပ နေထိုင်စားသောက်မှုပုံစံအတွက်လည်း တာဝန်ယူ ဆောင်ရွက်ပေးလျက်ရှိပါတယ်။ မက်စထရိုမက်တီယိုကတော့ ကစားသမားတွေအနေနဲ့ သူတို့ရဲ့ တင်းကြပ်တဲ့ နေထိုင်စားသောက်မှုပုံစံကနေ တစ်ပတ်ကို တစ်ရက်လောက် အနားယူသင့်တယ်လို့ ယူဆထားပါတယ်။
ဒီအချက်ကပဲ ဘယ်လင်ဟမ်နဲ့ လမ်းခွဲစေခဲ့ရတယ်လို့ သတင်းထွက်ပေါ်ခဲ့ပြီး ဘယ်လင်ဟမ်ရဲ့ အမေဖြစ်သူကတော့ သူ့သားရဲ့ ဆုံးဖြတ်ချက်ကို နှစ်မြို့ခဲ့ခြင်းမရှိပါဘူး။ မက်စထရိုမက်တီယိုက “ကျွန်တော်တို့ ပြောပြောနေကျ ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ အဆီတွေ မဟုတ်တဲ့ အဝလွန်တဲ့ အဆီတွေက ကျန်းမာရေးအတွက် ကောင်းမွန်ခြင်း မရှိပါဘူး”
“အသက် (၁၈) နှစ်ကနေ (၃၂) နှစ်အထိ ဖြတ်သန်းရမယ့် ပရော်ဖက်ရှင်နယ်တွေအနေနဲ့ တစ်ပတ်ကို တစ်ရက်လောက်တော့ သူတို့ရဲ့ Diet Plan တွေကနေ အနားယူသင့်ပါတယ်။ အရာအားလုံးကို မေ့ပြီး အနားယူတာမျိုး ဒါမှမဟုတ် ဟမ်ဘာဂါ၊ ပီဇာတို့ကို စားတာမျိုး လုပ်သင့်တယ်” လို့ ပြောကြားခဲ့ဖူးပါတယ်။