နေထိုင်နေတဲ့ တိုက်ခန်းကိုရောင်းပြီး လုပ်ငန်းစတင်ခဲ့တာပါ။

သူမပိုင်ဆိုင်ထားတဲ့ အိမ်လေးကို အရဲစွန့်ပြီး လုပ်လိုက်မိတဲ့အတွက် လက်ရှိမှာတော့ အိမ်ငှားပြီး နေနေရပေမယ့် ဆုံးရှုံးမှုတွေ များစွာနဲ့ကြုံတွေ့ခဲ့ရတဲ့ သူမအတွက် အရှုံးထဲက အမြတ်ဆိုသလိုပဲ သူမကို ပိုပြီး ရင့်ကျက်စေပါတယ်တဲ့။

Photo : ရတနာဗိုလ် FB

သရုပ်ဆောင် ရတနာဗိုလ် ဟာ နေထိုင်နေတဲ့ တိုက်ခန်းကို ရောင်းချပြီး စီးပွားရေးလုပ်ငန်းတစ်ခုကို စွန့်စွန့်စားစား စတင်ဖို့ ကြိုးစားခဲ့ရာမှာ အခြေအနေ အပြောင်းအလဲများစွာကြောင့် အရှုံးနဲ့ ရင်ဆိုင်ခဲ့ရပြီး လုပ်ငန်းရပ်တန့်လိုက်ရတဲ့ အကြောင်းကို ရင်ဖွင့်လာပါတယ်။ 

“ကိုယ်ပိုင်စီးပွားရေးလေးအနေနဲ့ ဆိုင်ဖွင့်ဖို့ ပြင်ဆင်ခဲ့တာ မိဘတွေကတော့ ကိုဗစ်တွေငြိမ်မှ ဖွင့်စေချင်ပေမယ့် ညီမကတော့အခုကတည်းက ပြင်ဆင်မှ ကိုဗစ်ငြိမ်ရင်အတော်ပဲ ဘာညာ စဥ်းစားပြီး ဆိုင်ဖွင့်ဖို့ ရင်းနှီးလိုက်တာပေ့ါ။ အနုပညာသက်တမ်းတလျှောက် ခြိုးခြံ ချွေတာခဲ့တယ် ဗိုလ်ဆို Brand ရူးတဲ့ထဲမှာလည်း မပါဘူး။ တင်းတိမ် ရောင့်ရဲနိုင်အောင် နေတယ် အဲ့ဒါနဲ့ ပတ်သက်ပြီးတော့လည်း ကိုယ့်ကိုကိုယ် သိမ်ငယ်တာ ယုံကြည်မှု လျော့တာ မရှိဘူး။ အဲဒီလို နေလာတာ ဗိုလ်အများကြီး စုဆောင်းထားလာခဲ့တာ ခဏလေးနဲ့ ပြိုလဲသွားတော့ အရမ်းစိတ်ဓာတ်ကျခဲ့ရတယ်" လို့ သူမရဲ့ခံစားချက်ကို ဖွင့်ဟခဲ့ပါတယ်။

Photo : ရတနာဗိုလ် FB

မိဘတွေနဲ့အတူနေတဲ့တိုက်ခန်းလေးကို ရောင်းပြီး လုပ်ခဲ့ရတာမို့ တစ်မိသားစုလုံးလည်း စိတ်မကောင်းဖြစ်ခဲ့ရတယ်လို့ ဆိုပါတယ်။

" အမေတို့ဆိုလည်း ငိုပေ့ါ၊ ဒါပေမယ့်လည်း ဘယ်တက်နိုင်ပါ့မလဲနော်။​ အများနည်းတူ ဖြစ်တော့ ဗိုလ်တို့ နည်းတူ ဆိုင်တွေ ဆိုင်တွေ ပြုတ်သွားတာတွေ အများကြီးပဲ ဆိုတော့ အဲ့ဒါနဲ့ပဲ ပြန်ဖြေရတာပေ့ါ” ဆိုပြီး သူမကြုံတွေ့ခဲ့ရတဲ့ အခြေအနေအပေါ် စိတ်ဖြေသိမ့်နိုင်ခဲ့ကြောင်း ပြောပြပါတယ်။


သူမပိုင်ဆိုင်ထားတဲ့ အိမ်လေးကို အရဲစွန့်ပြီး လုပ်လိုက်မိတဲ့အတွက် လက်ရှိမှာတော့ အိမ်ငှားပြီး နေနေရတယ်။ ဒါပေမယ့်လည်း ဆုံးရှုံးမှုတွေ များစွာနဲ့ကြုံတွေ့ခဲ့ရတဲ့ သူမအတွက် အရှုံးထဲက အမြတ်ဆိုသလိုပဲ သူမကို ပိုပြီး ရင့်ကျက်စေပါတယ်တဲ့။

“ဆုံးရှုံးမှုတွေထဲက ရလိုက်တာကတော့ ရင့်ကျက်မှုနဲ့ ခွန်အားတွေ ရလာတာ‌တယ်။ အရင်ထက်စာရင် ရင့်ကျက်တွေ ပိုရှိလာတယ်။ ဘယ်အရာမှသိပ်ပြီး မတည်တံ့ မခိုင်မြဲဘူးဆိုတာ သိလာတယ်။ မျက်စိ တစ်မှိတ်အတွင်းမှာ ဖြစ်ပျက်သွားတာတွေက မြန်ဆန်လွန်းတော့ နည်းနည်းပိုရင့်ကျက်လာခဲ့ပါပြီ” လို့ သူက ဆက်လက်ပြောပြပါတယ်။

Photo : ရတနာဗိုလ် FB

သရုပ်ဆောင် ရတနာဗိုလ်ဟာ လက်ရှိမှာတော့ သူမဝါသနာပါရာ အနုပညာအလုပ်လေးတွေကိုလုပ်ရင်း စီးပွားရေးလုပ်ငန်းအပေါ်လည်း စိတ်ပျက်အားမလျော့ဘဲ​ အွန်လိုင်းကနေ စီးပွားရေး တစ်ခုကို အစပျိုးနေသူပါ။ “အမေပြုံး-စားသောက်ကုန်လုပ်ငန်း” ဆိုတဲ့ နာမည်နဲ့ သူမတို့ဘဝအတွက် တစ်မိသားစုလုံး တက်ညီလက်ညီ ပါဝင်ကာ ပြန်ကြိုးစားနေကြပါတယ်။​

အ​မေပြုံးစား​​သောက်ကုန်လုပ်ငန်းမှာ ​“အမေပြုံး အလှူတော်ကြီး ငါးခြောက်ချက်”နဲ့ “အမေပြုံး အလှူတော်ကြီး ငါးခြောက်ထိုး” တို့ကို အဓိကရောင်းချတယ်လို့ သိရပါတယ်။

 “ online business အနေနဲ့ပဲ သွားနေတုန်းပါ။ အခြေအနေအရ ငွေကြေး စိုက်ထုတ်ပြီးတော့ မလုပ်ရဲသေးလို့ အခုလို page လေးကပဲ ရောင်းနေတာပါ။ အရှေ့မှာလည်း ကိုယ်လုပ်တဲ့လုပ်ငန်းမှာဆုံးရှုံးမှုတွေ အရမ်းများခဲ့တော့ အခုလုပ်တဲ့အလုပ်ကို ငွေကြေး စိုက်ထုတ်ပြီးတော့ မလုပ်ရဲသေးဘူး” လို့ သူမက ဖြေကြားခဲ့ပါတယ်။

Photo : ရတနာဗိုလ် FB

ရတနာဗိုလ်ကတော့ အနုပညာပျိုးခင်း ၂ ရဲ့ စင်တင်မင်းသမီးတစ်ယောက်အနေနဲ့ သရုပ်ဆောင် တစ်ယောက်ဖြစ်လာတာပါ။ အရမ်းတော်တဲ့ သရုပ်ဆောင်ပီပြင်မှုတွေကြောင့် အခုဆိုရင် ပရိသတ်အခိုင်အမာ ရရှိလာပြီဖြစ်ပါတယ်။ ရုပ်ရှင်ဇာတ်ကားတွေ များစွာ ရိုက်ကူးခဲ့ရပြီး မကြာခင်မှာလည်း သူမပါဝင်သရုပ်ဆောင်ထားတဲ့ “တစ်ခါမိုက်” ရုပ်သံဇာတ်လမ်းတွဲဟာလည်း Channel K ရုပ်သံလိုင်းမှာ ထုတ်လွှင့်ပြသတော့မှာ ဖြစ်ပါတယ်။ သူမအနေနဲ့ကတော့ အနုပညာအရည်အချင်းပြည့်ဝအောင်၊ ပရိသတ်ကိုလည်း အကောင်းဆုံတင်ပြနိုင်တဲ့ အနုပညာသမားကောင်းတစ်ယောက်ဖြစ်အောင် ကြိုးစားနေဦးမှာမို့လို့ ပရိသတ်တွေ အနေနဲ့ ဆက်လက်အားပေးဖို့ကိုလည်း တောင်းဆိုခဲ့ပါသေးတယ်။

Share

Loading Next Article...
က္က