အသင်းဖော်ကို အမ်ဘာပေက ပြစ်တင်ခဲ့တာပါ။

ပြင်သစ်ကြယ်ပွင့် အမ်ဘာပေတယောက် ပီအက်စ်ဂျီအသင်းဖော် ဟာကီမီကို ဘောလုံးပေးပို့မှုညံ့ဖျင်းတာနဲ့ ပတ်သက်လို့ ပြောကြားနေတဲ့ ဗီဒီယိုဖိုင်တခု ပရိသတ်တွေကြားမှာ ပျံ့နှံ့နေပါတယ်။ ဒီဗီဒီယိုက ပြီးခဲ့တဲ့ရာသီအတွင်း သူတို့နှစ်ယောက်အကြား ပြောဆိုနေတဲ့ဗီဒီယိုဖြစ်ပြီး Prime Video က ရုပ်သံဖိုင်တခုလည်းဖြစ်ပါတယ်။



ပီအက်စ်ဂျီက ဂျူဗင်တပ်စ်ကို ၂-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ ချန်ပီယံလိဂ်ပွဲအပြီးမှာ ဒီဗီဒီယိုက ပရိသတ်တွေအကြား ပျံ့နှံ့လာခဲ့ပါတယ်။ ဒီဗီဒီယိုမှာ အမ်ဘာပေက ဟာကီမီရဲ့ နေရာယူအားနည်းမှု၊ ဘောလုံးပေးပို့ပုံ ညံ့ဖျင်းမှုတွေကို ထောက်ပြပြောဆိုနေခဲ့ပြီး ဒါဟာ သူ့ဆီ ဘောလုံးမရောက်တာကြောင့် အခုလိုမျိုး ပြောဆိုနေခဲ့တာဖြစ်ပါတယ်။ ဟာကီမီကတော့ အမ်ဘာပေဆီ သူ့ရဲ့ ဘောလုံးပေးပို့မှုအားနည်းခဲ့တဲ့အတွက် တောင်းပန်နေခဲ့ကြောင်းလည်း သိရှိရပါတယ်။

ဒီလိုမျိုး ဟာကီမီက တောင်းပန်သည့်တိုင် နေမာက ဟာကီမီနဲ့ လက်ဆွဲနှုတ်ဆက်ခဲ့ပြီး “ဒါက ဆောရီးတခွန်းပြောရုံနဲ့ မလုံလောက်ဘူးလေကွာ” လို့ပါ ထပ်မံပြောကြားခဲ့ပါတယ်။ ဒီဗီဒီယိုနဲ့ပတ်သက်လို့ ပရိသတ်တွေအကြား အမြင်အမျိုးမျိုးရှိနေပြီး အမ်ဘာပေအနေနဲ့ သူကိုယ်တိုင်ကျ တကိုယ်ကောင်းဆန်ပေမယ့် အသင်းဖော်တွေ သူ့ကိုဘောလုံးမပေးရင်တော့ စိတ်ခုလေ့ရှိကြောင်းဆိုနေကြပါတယ်။


ဒါပေမယ့်လည်း အမ်ဘာပေရဲ့ တကိုယ်ကောင်းဆန်မှုတွေက ဒီရာသီမှာ တော်တော်လေး ဆိုးရွားလာပြီး ဂျူဗင်တပ်စ်နဲ့ ချန်ပီယံလိဂ်အိမ်ကွင်းပွဲမှာလည်း နေမာကို အပိုင်အခွင့်အရေးမခင်းပေးဘဲ တကိုယ်ကောင်းဆန်ဆန် ကန်သွင်းခဲ့ပါတယ်။ ဒီကန်ချက်ကလည်း ဂိုးမဝင်ခဲ့တာကြောင့် ပရိသတ်တွေရဲ့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ အဆိုပါပွဲမှာ အမ်ဘာပေသွင်းယူခဲ့တဲ့နှစ်ဂိုးကိုလည်း သူ အပြစ်တင်ဖူးတဲ့ ဟာကီမီနဲ့ နေမာတို့က ဖန်တီးပေးခဲ့ရတာဖြစ်ပါတယ်။

အမ်ဘာပေဟာ လက်ရှိဘောလုံးရာသီမှာ ပီအက်စ်ဂျီအတွက် ပြိုင်ပွဲစုံ (၆) ပွဲကစားထားပြီး သွင်းဂိုး (၉) ဂိုးအထိ သွင်းယူပေးထားပြီးဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီမှာလည်း ဒီကစားသမားက အသင်းရဲ့ ထိပ်တန်းဂိုးသွင်းရှင်ဖြစ်ခဲ့ပြီး ပြိုင်ပွဲစုံ (၄၆) ပွဲမှာ သွင်းဂိုး (၃၉) ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က