မန်စီးတီးတို့ အိမ်ကွင်းမှာ ဂိုးမိုးရွာခဲ့တာဖြစ်ပါတယ်။

မန်စီးတီးက ဒီပွဲမှာ ရိုဒရီကို အနားပေးခဲ့ပြီး ဖာနန်ဒင်ဟိုဝင်ကစားတာ၊ စတာလင်ပွဲထွက်လာတာကလွဲရင် လူစုံတက်စုံပါပဲ။ ဒီဘရိုင်းက False 9 နေရာဝင်ကစားခဲ့ပြီး မာရက်ဇ်၊ ဂွန်ဒိုဂန်၊ ဘာနာဒိုဆေးလ်ဗား၊ စတာလင်တို့က သူ့ကို ဝန်းရံကစားခဲ့ပါတယ်။



လက်စတာဘက်က အဓိကတိုက်စစ်မှူး ဗာဒီ မပါခဲ့ဘဲ အီဟီယန်နာချို၊ အယိုဇေပီရက်ဇ်၊ လွတ်ခ်မန်းတို့နဲ့ တိုက်စစ်ကို ပွဲထွက်ခဲ့ပါတယ်။ နောက်တန်းကတော့ အားနည်းခဲ့ပြီး အယ်လ်ဘရိုက်တန်၊ အမာတေး၊ ဗက်စတာဂတ်၊ လုခ်သောမတ်စ်၊ ကွင်းလယ်မှာတော့ မက်ဒီဆင်၊ တိုင်လီမန့်စ်၊ ဒျူးစ်ဘူရီတို့ ပွဲထွက်ခဲ့တာပါ။

စောစောစီးစီးပဲ မန်စီးတီးတို့ အဖွင့်ဂိုးရခဲ့ပြီး နောက်တန်းအားနည်းချက်ကနေ ဒီဘရိုင်းက စိတ်တိုင်းကျ ထိန်းပြီး အပိုင်ကန်သွင်းသွားခဲ့တာပါ။ လက်စတာ နောက်တန်းကတော့ ပွဲစတည်းက အားလုံး ခန့်မှန်းထားတဲ့အတိုင်း မန်စီးတီးတိုက်စစ်ကို မထိန်းနိုင်ခဲ့ပါဘူး။

နောက်ထပ် သိပ်မကြာခင်မှာပဲ မန်စီးတီးတို့ ပင်နယ်တီ ထပ်ရခဲ့ပါတယ်။ ဂိုးဧရိယာထဲမှာ လာပေါ့တ်ကို တိုင်လီမန့်စ်ဆွဲလှဲခဲ့တာကြောင့် ကွင်းလယ်ဒိုင်က VAR ပြန်ကြည့်ပြီး ပင်နယ်တီပေးခဲ့တာပါ။ ဒီပင်နယ်တီကိုတော့ မာရက်ဇ်က အမှားအယွင်းမရှိ ကန်သွင်းခဲ့ပါတယ်။

နောက်ပိုင်းမှာ လက်စတာတို့ ဂိုးရဖို့ ထိုးဖောက်ခဲ့ပေမယ့် အီဒါဆန်ကို မကျော်နိုင်ခဲ့ဘဲ မန်စီးတီးကပဲ ဂိုးတွေထပ်ရခဲ့ပါတယ်။ ကန်ဆယ်လိုဖြတ်တင်ပေးတဲ့ ဘောလုံးကို ရှမိုက်ကယ် ကာကွယ်ရာက ပြန်ထွက်လာတာကို ဂွန်ဒိုဂန်က ပိတ်သွင်းခဲ့ပါတယ်။

အဲ့ဒီနောက် တိုင်လီမန့်စ် စတာလင်ကို ပင်နယ်တီဧရိယာထဲမှာ ပြစ်ဒဏ်ကျူးလွန်ခဲ့တာကြောင့် ပင်နယ်တီ ထပ်ပေးခဲ့ရပြီး ဒီပင်နယ်တီကိုတော့ စတာလင် ကိုယ်တိုင်ကပဲ ကန်သွင်းယူသွားခဲ့ပါတယ်။ နောက်ပိုင်းမှာလည်း မန်စီးတီးတို့ ဂိုးထပ်ရနိုင်တဲ့ အခွင့်အရေးတွေရခဲ့ပေမယ့် ရှမိုက်ကယ် ကာကွယ်နိုင်ခဲ့ပါတယ်။

ဒုတိယပိုင်းစပြီး (၁၀) မိနစ်လောက်အကြာမှာပဲ လက်စတာတို့ ချေပဂိုးတဂိုးပြန်ရခဲ့ပါတယ်။ လာပေါ့တ်ချော်လဲခဲ့တာကြောင့် ကောင်တာပေါက်သလိုဖြစ်သွားပြီး မက်ဒီဆန်က အီဟီယန်နာချို ဖန်တီးပေးမှုကတဆင့် လွတ်လွတ်ကျွတ်ကျွတ် ပိတ်သွင်းခဲ့ပါတယ်။

မန်စီးတီးခံစစ်ကစားပုံက ဒုတိယပိုင်းမှာ ပေါ့လျော့လာပြီး နောက် (၃) မိနစ်အကြာမှာပဲ လွတ်ခ်မန်းက လက်စတာအတွက် ဒုတိယချေပဂိုးကို သွင်းယူပေးခဲ့ပါတယ်။ ဖိကစားနေတာ မန်စီးတီးဆိုပေမယ့် တကယ်တမ်း ဂိုးရသွားတာလည်း လက်စတာပဲဖြစ်ခဲ့ပြန်ပါတယ်။

မက်ဒီဆန်ရဲ့ ကန်ချက်ကို အီဒါဆန်ပုတ်ထုတ်၊ ဂိုးဘားတန်းထိ ပြန်ထွက်လာတာကို အီဟီယန်နာချိုက အကောင်းဆုံး အဆုံးသတ်ခဲ့တာကြောင့် မန်စီးတီးတို့ ဖိအားဝင်ခဲ့ရပါတယ်။ ဒါပေမယ့် ချက်ချင်းဆိုသလိုပဲ ထောင့်ကန်ဘောကတဆင့် လာပေါ့တ်က ခေါင်းတိုက်ပြီး မန်စီးတီးတို့ ၅-၃ ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပါတယ်။

(၈၇) မိနစ်မှာတော့ မန်စီးတီးအတွက် ပွဲသိမ်းဂိုးကို ထောင့်ကန်ဘောကတဆင့် ဒီယက်စ်ခေါင်းတိုက်ချပေးတာကို စတာလင်က ထပ်ဆင့်ပိတ်သွင်းခဲ့တာကြောင့် မန်စီးတီးတို့ ၆-၃ ဂုိးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ မန်စီးတီးကတော့ နောက်ဆုံး (၃) ပွဲဆက်တိုက် ပရီးမီးယားလိဂ်မှာ ဂိုးမိုးရွာခဲ့ပြီး အမှတ်ပေးဇယားထိပ်ဆုံးမှာ ဆက်လက်ဦးဆောင်နိုင်ခဲ့ပါတယ်။ 

Share

က္က