အမျိုးသမီးတစ်ယောက်အတွက် ကိုယ်ဝန်ပျက်စီးဆုံးရှုံးတယ်ဆိုတာ စိတ်ထိခိုက်အနာကျင်ရဆုံး ခံစားမှုဖြစ်နိုင်ပါတယ်။ကိုယ်ဝန်ပျက်ကျပြီးနောက်မှာ အမျိုးသမီးတွေဟာ သူတို့ရဲ့ အိမ်ထောင်ဖက်နဲ့ ရင်းနှီးတဲ့ လိင်မှုဘဝကို ပြန်စတင်ဖို့ ခက်ခဲကြပါတယ်။ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာရောကို ဘယ်လိုကုစားမလဲ ၊ ဘယ်အချိန်မှာ ပြန်ပြီး သာယာတဲ့လိင်မှုဘဝကို တည်ဆောက်နိုင်လဲဆိုတာ ဖော်ပြလိုက်ပါတယ်။
ယေဘုယျအားဖြင့်တော့ ကိုယ်ဝန်ပျက်ကျပြီးနောက် ၂ ပတ်အကြာမှာ လိင်ဆက်ဆံနိုင်ပါတယ်။ အထူးသဖြင့်တော့ သွေးဆင်းပြီးနောက်ပိုင်း ဖြစ်ပါတယ်။ ဒါပေမယ့် တစ်ယောက်နဲ့တစ်ယောက် အခြေအနေခြင်းမတူတာကြောင့် ရုပ်ပိုင်းဆိုင်ရာ အဆင်ပြေတိုင်း လိင်ဆက်ဆံနိုင်တာတော့ မဟုတ်ပါဘူး။
ဘာကြောင့်နှစ်ပတ်စောင့်ရလဲ
Photo: UT
ကိုယ်ဝန်ပျက်ကျပြီးတဲ့နောက်မှာ သားအိမ်က ရှင်းလင်းသွားတာကြောင့် အချိန်အတိုင်းအတာတစ်ခုအထိ သွေးဆင်းနိုင်ပါတယ်။ ဒီလိုဖြစ်နေချိန်မှာ သားအိမ်ခေါင်းဟာ သာမန်အချိန်ထက် ပိုကျယ်ပြီး ပွင့်လာတာကြောင့် သားအိမ်ဟာ ပိုးဝင်လွယ်ပါတယ်။ ဒါကြောင့် အနည်းဆုံး နှစ်ပတ်စောင့်ရပါမယ်။ ဒါ့အပြင် ကိုယ်ဝန်ပျက်ကျခြင်းနဲ့ ဆက်စပ်ပြီး ကုသရတဲ့ ကိုယ့်ရဲ့ကျန်းမာရေးအခြေအနေရှိခဲ့ရင်တော့ သက်ဆိုင်ရာဆရာဝန်ရဲ့ ညွှန်ကြားချက်ကို လိုက်နာရပါမယ်။
စောင့်ဆိုင်းရချိန်က ဘာတွေပေါ် မူတည်လဲ
Photo: Verywell Family
ကိုယ်ဝန်ပျက်ကျခြင်းကနေ ပြန်လည်ကောင်းမွန်တဲ့အချိန်က အကြောင်းအရာအများကြီးအပေါ် မူတည်ပါတယ်။ဥပမာ-သန္ဓေသားရဲ့ ကြီးထွားမှု (အရွယ်အစား) ။ ကိုယ်ဝန်ပျက်ကျတယ်ဆိုတာ တကယ်တော့ ရက်သတ္တပတ်၂၀မတိုင်မီ ကိုယ်ဝန်ဆုံးရှုံးခြင်း ဖြစ်ပါတယ်။ဒီကာလထက်ကျော်လွန်ပြီး နောက်ပိုင်းကိုယ်ဝန်ပျက်ကျခြင်းမှာတော့ ရုပ်ပိုင်းဆိုင်ရာ ကုသဖို့ အချိန်အနည်းငယ် လိုအပ်ပါတယ်။သူ့အလိုလို ဖြစ်တဲ့ ကိုယ်ဝန်ပျက်ကျခြင်းမှာတော့ သန္ဓေသားတစ်သျှူးအားလုံးကို သားအိမ်ကနေ ဖယ်ထုတ်လိုက်တာက ပိုပြီး လျင်လျင်မြန်မြန်ကောင်းမွန်စေပါတယ်။
သွေးဆင်းတာ ရပ်ဖို့ စောင့်ရပါမယ်
Photo: For Your Marriage
ကိုယ်ဝန်ပျက်ကျပြီးနောက်မှာ လိင်မှုဘဝနေထိုင်နိုင်ဖို့က သွေးဆင်းတာ ရပ်တဲ့အထိ စောင့်ကိုစောင့်ရပါမယ်။သွေးဆင်းတာက သားအိမ်မှာ သန္ဒေသားတစ်ရှူးကျန်ခြင်းအပေါ်မူတည်နေပါတယ်။ကိုယ်ဝန်ပျက်ကျပြီဆိုရင် 1 ပတ်ကနေ 2 ပတ်အတွင်း သွေးဆင်းတာ ရပ်သွားနိုင်ပါတယ်။ ဒါပေမယ့် ၁ ရက်ကနေ ၁ လအတွင်းလောက်လည်း ကြာနိုင်ပါတယ်။ကိုယ်ဝန်ပျက်ကျစအချိန် သွေးစဆင်းတဲ့အချိန်ကစပြီး တွက်နိုင်ပါတယ်။သားအိမ်ကို အာထရာဆောင်းကတစ်ဆင့် စစ်ဆေးဖို့နဲ့ သန္ဒေသားတစ်သျှူး ကျန်နေရင် ရောဂါပိုးဝင်နိုင်တာကြောင့် သားအိမ်မလွတ်မချင်း လိင်ဆက်ဆံခြင်းက ရှောင်ကြဉ်ဖို့ အရေးကြီးပါသည်။
ရင်းနှီးမှုပြန်ရဖို့ ခက်နေတာ ပုံမှန်ပါပဲ
Photo: CNN
ကိုယ်ဝန်ပျက်ကျပြီးနောက်ပိုင်း လိင်ဆက်ဆံဖို့ စိတ်မပါတာ သင်တစ်ယောက်ထဲ မဟုတ်ပါဘူး။ခန္ဓာကိုယ်က ရုပ်ပိုင်းဆိုင်ရာ ပြန်လည်ကောင်းမွန်လာပြီး လိင်ဆက်ဆံဖို့လည်း ဘေးကင်းပေမယ့် ဆုံးရှုံးမှုကြောင့် စိတ်ပိုင်းဆိုင်ရာဒဏ်ရာကို ကုစားဖို့ အချိန်ယူရနိုင်ပါတယ်။ခံစားရတဲ့ ဝမ်းနည်းမှုအဆင့်က ကိုယ်ဝန်ဘယ်လောက်ကြာကြာလွယ်ခဲ့တယ်ဆိုတာနဲ့ မဆိုင်ပါဘူး။ဒီလိုဆုံးရှုံးပြီးတဲ့အခါ မိသားစု ၊ သူငယ်ချင်းတွေရဲ့ အားပေးမှုက အရေးကြီးပါတယ်။ပွေ့ဖက်ထားတာ ၊ လက်ကိုဆုပ်ကိုင်ပေးတာ ၊ အပြင်ထွက်ပေးတာ ၊ နှိပ်နယ်ပေးတာ ၊ ချိန်းတွေ့တာ ၊ စကားတွေပြောတာ သင့်ကို စိတ်သက်သာစေပါလိမ့်မယ်။
ကိုယ်ဝန်ပျက်ကျပြီးနောက် လိင်ဆက်ဆံရင် နာကျင်နိုင်လား
Photo: CNN
ကိုယ်ဝန်ပျက်ကျတဲ့အခါ သားအိမ်က ကျုံ့သွာတာကြောင့် နာကျင်တာကို ခံစားရနိုင်ပါတယ်။ ရာသီလာလို့ နာတာနဲ့ ဆင်တူတဲ့ နာကျင်မှု ဖြစ်နိုင်ပါတယ်။ အချိန်ကြာလာတာနဲ့အမျှ သားအိမ်က သက်သာလာတာကြောင့် သက်သာသွားပါလိမ့်မယ်။အစောပိုင်းကာလတွေမှာ လိင်ဆက်ဆံစဉ် ဒါမှမဟုတ် ဆက်ဆံပြီးနောက် နာကျင်ခြင်းမှာ ဖျားတာ ၊ ကိုယ်ပူတာ ၊ ချမ်းတုန်တာ ၊ မနှစ်မြို့စရာအနံ့ထွက်တာတွေ ရှိရင်တော့ ပိုးဝင်နေတာဖြစ်လို့ ဆရာဝန်နဲ့ပြသပါ။
ကိုယ်ဝန်ပျက်ကျပြီးနောက် ကိုယ်ဝန်ရနိုင်ခြေ
Photo: Healthline
ကိုယ်ဝန်ပျက်ကျပြီး မကြာခင်မှာ ကိုယ်ဝန်ရနိုင်ပါတယ်။ပထမရာသီမလာခင်မှာတောင် ကိုယ်ဝန်ရနိုင်ပါတယ်။ အချို့သူတွေမှာ ကိုယ်ဝန်ပျက်ကျပြီး ၂ ပတ်အကြာမှာ မျိုးဥထွက်နိုင်ပါတယ်။အဲဒီအချိန်မှာ လိင်ဆက်ဆံရင် ကိုယ်ဝန်ရှိတာ ဖြစ်နိုင်ပါတယ်။ ချက်ချင်း ကိုယ်ဝန်မဆောင်ချင်ရင် သင့်လျော်တဲ့ သန္ဓေတားနည်းကို ဆရာဝန်နဲ့ ဆွေးနွေးပါ။ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာရော ဘယ်လိုခံစားရလဲ ထည့်သွင်းစဉ်းစားပါ။ လက်တွဲဖော်နဲ့လည်း ခံစားချက်တွေကို ပြောပြတိုင်ပင်ပါ။ ကိုယ့်ရွေးချယ်မှုတွေကို စဉ်းစားဖို့ သင့်ကိုယ်သင် အချိန်များများပေးပါ။နောက်ထပ်ဆုံးရှုံးမှုအတွက် စိုးရိမ်နေနိုင်ပါတယ်။ဒါပေမယ့် (၁)ရာခိုင်နှုန်းလောက်ပဲ ထပ်တလဲလဲကိုယ်ဝန်ဆုံးရှုံးခြင်းကို ကြုံနိုင်တာပါ။
အဓိကကတော့ ကိုယ့်ကိုယ်ကို ဦးစားပေး ဂရုစိုက်ဖို့ပါပဲ။ ကိုယ်အဆင်မပြေရင် အချိန်ယူပါ။ ကိုယ့်ရဲ့ စိတ်ရော ရုပ်ပိုင်းဆိုင်ရာရော အဆင်သင့်ဖြစ်တဲ့အခါမှသာ လိင်ဆက်ဆံခြင်းကို လက်ခံနိုင်ပါတယ်။
Ref: Healthline
Share