ကိုယ်ဝန်ဆောင်ကာလက မိခင်တစ်ယောက်အတွက် ဂရုစိုက်ဖို့ အလိုဆုံးအချိန်တွေပါပဲ။

မေမေတို့အနေနဲ့ ကိုယ့်ရင်သွေးလေးကို ဝမ်းနဲ့လွယ်ထားရချိန်မှာ မိခင်‌ရောကလေးပါ ကျန်းမာရေးကောင်းနေဖို့ အဓိက အရေးကြီးဆုံးပဲဖြစ်ပါတယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ မေမေတွေအနေနဲ့ ဘယ်လို ကျန်းမာ ရေးစောင့်ရှောက်မှုခံယူသင့်ပါသလဲ။ ကိုယ်ဝန်ဆောင်စဥ်မှာ မိခင်တွေအနေနဲ့ ဘယ်လိုပြုမူနေထိုင်သင့်ပါသလဲ။ ဆောင်ရန်၊ ရှောင်ရန် အချက်တွေ က ဘာတွေများလဲဆိုတာ သားဖွားမီးယပ် အထူးကုဆရာဝန်ကြီးပါမောက္ခဒေါ်စန်းစန်းမြင့် က အခုလို ဝေမျှထားပါတယ်။



မဖြစ်မနေလုပ်သင့်တဲ့ ကိုယ်ဝန်ဆောင်စောင့်ရှောက်မှု

ကိုယ်ဝန်ဆောင်စဥ်အ‌ရေးကြီးဆုံးကတော့ ကျွမ်းကျင်ဆရာဝန်တစ်ဦးဦးရဲ့ ကိုယ်ဝန်ဆောင်စောင့်‌‌ရှောက်မှုခံယူဖို့ဖြစ်ပါတယ်။ မိမိမှာ ကိုယ်ဝန်ရှိတယ်လို့ စသိတာနဲ့ ကိုယ်ဝန်ဆောင် စောင့်‌ရှောက်မှု ခံယူရမှာဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်စဥ် တလျှောက်လုံး အနည်းဆုံး ၈ ကြိမ် စောင့်‌ရှောက်မှုခံယူသင့်ပါတယ်။ ကိုယ်ဝန်စ ရှိချိန်မှ ၂၈ ပတ်အတွင်းမှာ တစ်လတစ်ကြိမ် ၊ ၂၈ ပတ်မှ ၃၆ ပတ်အတွင်း နှစ်ပတ်တစ်ကြိမ်၊ ၃၆ ပတ်မှ လစေ့ချိန်အထိ တစ်ပတ်တစ်ကြိမ် ကိုယ်ဝန်ဆောင် စောင့်ရှောက်မှု ခံယူသင့်ပါတယ်။ နောက်ထပ်အရေးကြီးတာကတော့ ကိုယ်ဝန်ဆောင်စဥ်မှာ မေးခိုင်းကာကွယ်ဆေးထိုးဖို့လိုအပ်ပါတယ်။ ကိုယ်ဝန် ၃ လက စထိုးပေးရမှာဖြစ်ပြီး အနည်းဆုံးတစ်လကို နှစ်ကြိမ်ခန့် ထိုးပါ။

Photo - Freepik

ကိုယ်ဝန်ဆောင်အတွက် လိုအပ်တဲ့အာဟာရ

ကိုယ်ဝန်ဆောင်စဥ်မှာ အသား၊ ငါး၊ ဟင်းသီးဟင်းရွက် ၊ ကြက်ဥ ၊ နွားနို့ စတဲ့ အစားအသောက်တွေကဲ့သို့ အာဟာရပြည့်ဝတဲ့အစားအသောက်တွေကို အဓိကထား စားသုံးရမှာပါ။ အစားအသောက်စားတဲ့အခါ အားလုံးကို သေချာချက်ပြုတ်စားသောက်ဖို့ လိုအပ်ပါတယ်။ တာရှည်ခံအောင် ပြုလုပ်ထားတဲ့ အစားအစာတွေ၊ ငရုတ်သီး၊ လက်ဖက်၊ ကောက်ညှင်း ကဲ့သို့ လေခံတဲ့အစားအစာတွေ၊ သားငါးအစိမ်းတွေ၊ လက်လုပ်ချဥ်တွေ၊ ဆီကြော်တွေစတဲ့ အစားအသောက်တွေကိုတော့ ရှောင်ကြဥ်ရမှာဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ ‌ရေများများသောက်ပါ။ ‌ရေများများသောက်ခြင်းက ဝမ်းချုပ်ခြင်းကို ကာကွယ်ပေးပါတယ်။

ကိုယ်ဝန်ဆောင်စဥ်မှာ ရှောင်သင့်တဲ့အရာတွေ

၁။ ပြင်းထန်တဲ့လေ့ကျင့်ခန်းတွေ မလုပ်ပါနဲ့။

၂။ ကြမ်းတမ်းတဲ့ ခရီးတွေ မသွားပါနဲ့။

၃။ အလေးအပင် မ,မရပါဘူး။

၄။ ပင်ပန်းတဲ့အလုပ်တွေမှန်သမျှ‌ရှောင်ပါ။

၅။ တကိုယ်ရည်သန့်ရှင်းရေးကို ဂရုပြုပါ။

၆။ အဝတ်အစားဝတ်တဲ့အခါ အင်္ကျီ ၊လုံခြည်၊ဂါဝန် တို့ကဲ့သို့ ပွပွနဲ့ သက်သောင့်သက်သာရှိတဲ့ အဝတ်အစားမျိုးဝတ်ပါ။

၇။ ကြပ်တည်းတဲ့ ဂျင်းဘောင်းဘီ၊ စကတ်တို့ကို ‌ရှောင်ပါ။

၈။ ဒေါက်မြင့်ဖိနပ်မစီးပါနဲ့။ ချော်လဲတတ်ပါတယ်။ ချော်လဲတဲ့အခါ ကလေးရောမိခင်ပါ ထိခိုက်နိုင်ပါတယ်။

ကိုယ်ဝန်သည်တွေ ဂရုပြုသင့်တဲ့အိပ်စက်မှုပုံစံ

ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ အိပ်‌ရေးဝအောင် အိပ်ဖို့ အ‌ရေးကြီးပါတယ်။ တစ်နေ့ကို ညဘက်မှာ အနည်းဆုံး အိပ်ချိန် ၈ နာရီ ရှိရပါမယ်။ နေ့လယ်နေ့ခင်း တစ်နာရီလောက်အိပ်စက်အနားယူပါ။ ကိုယ်ဝန်လရင့်လာတာနဲ့အမျှ ဘေးစောင်းအိပ်ပါ။ ဘေးစောင်းအိပ်တဲ့အခါ ကလေးဆီကို သွေးအားမှန်မှန်‌ ရောက်စေနိုင်ပါတယ်။

Photo - Freepik

စိတ်ရောကိုယ်ပါ ချမ်းသာနေဖို့ လိုအပ်

ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ စိတ်ဖိစီးမှု၊ စိတ်ပင်ပန်းမှုတွေကို ရှောင်ပါ။ ကိုယ်ဝန်ဆောင်မိခင်ဆိုတာ စိတ်ရောကိုယ်ပါ ချမ်းသာနေဖို့ လိုအပ်တာကြောင့် မေမေတွေကို ခင်ပွန်းသည် ၊ မိသားစုဝင်တွေကပါ ဝိုင်းဝန်းစောင့်ရှောက်ဖို့ လိုအပ်ပါတယ်။

အားဆေးကို မိမိသဘောနဲ့ မသောက်ပါနဲ့

ကိုယ်ဝန်ဆောင် မိခင်တွေအနေနဲ့ အားဆေးမှီဝဲတဲ့အခါ ဆရာဝန် ညွှန်ကြားတဲ့အတိုင်းပဲ သောက်သင့်ပါတယ်။ ဆ ရာဝန်တွေအနေနဲ့ ကိုယ်ဝန်လနုစဥ်အချိန်မှာ ဖော်လစ်အက်ဆစ်တစ်မျိုးပဲ ပေးတာဖြစ်ပါတယ်။ အားပြင်းတဲ့အားဆေးတွေကိုတော့ ကိုယ်ဝန်လနုစဥ်မှာ မသောက်သင့်ပါဘူး။ ကိုယ်ဝန် ၃ လနောက်ပိုင်းမှာတော့ သံဓာတ်ပါတဲ့ဆေး၊ အခြားအားဆေးများကို ညွှန်ကြားလေ့ရှိပါတယ်။ ဆေးတွေကို မိမိဘာသာ ဆေးဆိုင်က ဝယ်သောက်တာမျိုး၊ ဆရာဝန် မညွှန်ကြားဘဲ သောက်တာမျိုးတွေကိုတော့ ‌ရှောင်ကြဥ်ရပါမယ်။ လေဆေး၊ ဝမ်းနှုတ်ဆေးပြင်းများ၊ စပ်ဆေးများကို ရှောင်ကြဥ်သင့်ပါတယ်။

ကိုယ်ဝန်ဆောင်စဥ် သတိပြုသင့်တာတွေ

 ကိုယ်ဝန်ဆောင်ဟာ နေ့စဥ်နဲ့အမျှ ကလေးတိုးတာကို စောင့်ကြည့်ပါ။ ကလေးတိုးတာ နည်းသွားတာနဲ့ သက်ဆိုင်ရာ သားဖွားမီးယပ်အထူးကုဆရာဝန်တွေကို ချက်ချင်းပြသပါ။ ဒီအချက်ကို ကိုယ်ဝန်ဆောင်တိုင်း သိမှတ်သင့်ပါတယ်။ ကိုယ်ဝန်ဆောင်မှာ အ‌ရေးကြီးတာက ဗိုက်ကို မနှိပ်သင့်ပါဘူး။ လုံးဝကို မလုပ်သင့်တဲ့အရာပါ။ ‌ရှေးတုန်းက လုပ်လေ့ရှိတဲ့ ဗိုက်နှိပ်ခြင်း၊ ဗိုက်ပြင်ခြင်းတွေဟာ မလုပ်သင့်တဲ့ အရာတွေ ဖြစ်ပါတယ်။ ကလေး‌ရော မိခင်ပါ အန္တရာယ်ရှိပါတယ်။

ကိုယ်ဝန်ဆောင်စဥ်ဖြစ်တတ်တဲ့ ရောဂါလက္ခဏာတွေ

ကိုယ်ဝန်ဆိပ်တက်ခြင်း၊ သွေးဆင်းခြင်း၊ ရေဆင်းခြင်း၊ သွေးပေါင်တက်ခြင်း၊ မျက်စိဝေခြင်း၊ ခေါင်းကိုက်ခြင်း၊ တစ်ကိုယ်လုံးဖောင်ယောင်ခြင်း၊ လမစေ့ဘဲ ဗိုက်နာခြင်းတို့ ဖြစ်တတ်ပါတယ်။ ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ မိမိမှာ ဒီလို လက္ခဏာတွေ ကြုံလာပြီဆိုပါက အမြန်ဆုံးဆေးကုသမှု ခံယူသင့်ပါတယ်။


Share

Loading Next Article...
က္က