ကိုယ်ဝန်ဆောင်မိခင်တွေမှာ သံဓာတ်ချို့တဲ့ခဲ့မယ်ဆိုရင် မွေးလာမယ့်ကလေးမှာ ဆိုးကျိုးတွေဖြစ်ပေါ်နိုင်ပါတယ်။

ကိုယ်ဝန်ဆောင်မိခင်တွေဟာ တခြားသူတွေထက် သံဓာတ်ပိုပြီး အားနည်းချို့တဲ့တတ်ကြပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ဝမ်းဗိုက်အတွင်းက ရင်သွေးလေးအတွက်ပါ သွေးပိုထုတ်ပေးရတာဖြစ်တဲ့အတွက် သွေးအားနည်းရောဂါ ၊ သံဓာတ်ချို့တဲ့မှုကို ပိုမိုခံစားရတာဖြစ်ပါတယ်။ ဒါ့ကြောင့်မို့ ကိုယ်ဝန်ဆောင်ချိန်မှာ သံဓာတ်အားဆေးကို သောက်သုံးဖို့ ဆရာဝန်တွေက ညွှန်ကြားကြတာပါ၊ 



ကိုယ်ဝန်ဆောင်သည်တွေမှာ သံဓာတ်ချို့တဲ့ခဲ့မယ်ဆိုရင် မွေးလာမယ့် ရင်သွေးလေးအပေါ် အများကြီး အကျိုးသက်ရောက်မှုဖြစ်နိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ သံဓာတ်ချို့တဲ့ခဲ့မယ်ဆိုရင် ဘာတွေဖြစ်နိုင်သလဲဆိုတာကို ခုပြောပြပေးပါမယ်။ 


ကလေးစောမွေးခြင်း 


သံဓာတ်ချို့တဲ့နေတဲ့ ကိုယ်ဝန်ဆောင်မိခင်တချို့က မွေးဖွားချိန်မတိုင်ခင် ကလေးစောမွေးနိုင်တာမျိုးတွေဖြစ်နိုင်ပါတယ်။  ကိုယ်ဝန် ၃၇ ပတ်ပြည့်တော့မှသာ ကိုယ်ဝန်လစေ့တယ်လို့ သတ်မှတ်တာဖြစ်တဲ့အတွက် သံဓာတ်ချို့တဲ့သူ ကိုယ်ဝန်ဆောင်မိခင်တွေမှာ ၃၇ ပတ်မတိုင်ခင် စောမွေးတာမျိုးတွေ ဖြစ်တတ်ပါတယ်။ 


မီးဖွားပြီး စိတ်ကျရောဂါဖြစ်ခြင်း 


လေ့လာဆန်းစစ်ချက်တွေအရ ဒီလိုမျိုး သွေးအားနည်းထားတဲ့ ကိုယ်ဝန်ဆောင်သည်တွေ၊ သံဓာတ်ချို့တဲ့ခဲ့တဲ့ ကိုယ်ဝန်ဆောင်မိခင်တွေဟာ ကလေးမွေးပြီးတဲ့အခါမှာ မီးဖွားပြီး စိတ်ကျရောဂါ ဖြစ်နိုင်ချေ များတယ်လို့ သိရပါတယ်။  



ပေါင်မပြည့်တဲ့ ကလေးမွေးဖွားခြင်း 


သံဓာတ်ချို့တဲ့သူ ကိုယ်ဝန်ဆောင်မိခင်တွေဟာ ရင်သွေးငယ်ကို လမစေ့ဘဲ မွေးတာဖြစ်တဲ့အတွက် မွေးဖွားလာတဲ့ ကလေးမှာ ပေါင်မပြည့်တာမျိုးတွေ ဖြစ်နိင်ချေရှိတာကိုလည်း တွေ့ရပါတယ်။ 


မစားသောက်သင့်တဲ့အရာကို ချဉ်ခြင်းတပ်ခြင်း 


ကိုယ်ဝန်ဆောင်သည်တွေမှာ သံဓာတ်ချို့တဲ့နေမယ်ဆိုရင် မစားသင့်မသောက်သင့်တာတွေကို ချဉ်ခြင်းတပ်တာမျိုးတွေ ဖြစ်တတ်ပါတယ်။ ကျန်းမာရေးအသိမထွန်းကားစဉ်အခါက ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ မြေကြီးစားချင်တယ်၊ မီးသွေးခဲစားချင်တယ်ဆိုပြီး ချဉ်ခြင်းတပ်ကြတာတွေဟာ တကယ်တော့ သံဓာတ်ချို့တဲ့မှုကြောင့် ဖြစ်တဲ့ အရာတွေပါ။  သံဓာတ်တအားချို့တဲ့လာပြီဆိုရင် မဟုတ်တဲ့အရာတစ်ခုခုကို ချဉ်ခြင်းတပ်တာမျိုးတွေ ဖြစ်တတ်ပါတယ်။ 


ဒီလိုသံဓာတ်ချို့တဲ့တာမျိုး မဖြစ်ရလေအောင် ဘယ်လိုလုပ်ရမလဲ 


ကိုယ်ဝန်ဆောင်မိခင်တွေအတွက် ကိုယ့်ရဲ့ ရင်သွေးကို ကျန်းကျန်းမာမာနဲ့ မွေးဖွားချင်တယ်ဆိုရင် သံဓာတ်ပြည့်ဝအောင် နေထိုင်စားသောက်ဖို့လိုပါတယ်။

  • ကိုယ်ဝန်ဆောင်စောင့်ရှောက်မှုအပြည့်အဝခံယူပါ 
  • ဆရာဝန်ညွှန်ကြားတဲ့ ကိုယ်ဝန်ဆောင်အားဆေးနဲ့ သံဓာတ်အားဖြည့်ဆေးသောက်သုံးပါ 
  • အာဟာရပြည့်ဝအောင် စားသောက်ပါ 



သံဓာတ်ပြည့်ဝအောင် ဘယ်လိုစားသောက်ရမလဲ 


သံဓာတ်ပြည့်ဝစေဖို့အတွက်  သံဓာတ်ပြည့်ဝတဲ့ အစားအစာတွေကို စားသောက်ပေးဖို့ လိုအပ်ပါတယ်။ အသားထဲမှာဆိုရင် အနီရောင်ရှိတဲ့ အသားတွေက သံဓာတ်ကြွယ်ဝပါတယ်။ ဉပမာ အမဲသား ၊ ဝက်သား၊ ဆိတ်သား ။ ပဲအမျိုးမျိုးကလည်း သံဓာတ်ကြွယ်ဝတဲ့ထဲ ပါဝင်ပါတယ်။ သံဓာတ်ဖြည့်စွက်ထားတဲ့ Cereal တွေကိုလည်း  များများစားပေးမယ်ဆိုရင် သံဓာတ်ပြည့်ဝစေပါတယ်။ အသီးအရွက်တွေထဲမှာဆိုရင်တော့ အစိမ်းရင့်ရောင်ရှိတဲ့ ဟင်းသီးဟင်းရွက်တွေ၊ ဟင်းနုနွယ်တို့ ၊ ဘူးညွန့်၊ ဖရုံညွန့်တွေ စားပေးမယ်ဆိုရင် ကိုယ်ဝန်ဆောင်သည်တွေက အာဟာရကနေ ရတဲ့ သံဓာတ်ကို ရရှိနိုင်မှာပါ။ ကိုယ်ဝန်ဆောင်မိခင်တစ်ဦးဟာ  တစ်နေ့ကို သံဓာတ်ပမာဏ ၂၇ မီလီဂရမ် လောက် စားပေးသင့်ပါတယ်။ 


ဒီလိုစားသောက်နေထိုင်မယ်ဆိုရင်တော့ သံဓာတ်ချို့တဲ့မှုကြောင့် ဖြစ်တဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကို ကာကွယ်ပြီးသား ဖြစ်သွားမှာဖြစ်ပါတယ်။ 

ဖော်ပြပါသတင်းဆောင်းပါးပါ အချက်အလက်များသည် Duwun Health Talk အစီအစဉ်မှ ကျန်းမာရေးဆရာဝန် ဒေါက်တာမြတ်သီရိမောင်ရဲ့ အကြံပြုချက်များကို ကောက်နုတ်ဖော်ပြထားခြင်းဖြစ်ပါသည်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က