ကိုယ်ဝန်ရှိရင်အထဲကကလေးအတွက် နှစ်ယောက်စာစားရမယ်ဆိုတဲ့အတွေးတွေလည်းရှိတတ်ကြပါတယ်။

ကိုယ်ဝန်ဆောင်နေသူတွေ၊ မီးနေသည်တွေကို ဟိုဟာမစားနဲ့၊ ဒီဟာမစားနဲ့ဆိုပြီး လိုက်တားနေကြတဲ့ လူကြီးမိဘတွေရဲ့ အသံပေါင်းစုံကို ကြားဖူးကြမှာပါ။ အစဉ်အဆက် ရှေးရိုးစွဲအယူအဆတွေကြောင့် မီးနေသည်မိခင်တွေနဲ့ ကိုယ်ဝန်ဆောင်တွေကို  လွန်လွန်ကဲကဲ အစားရှောင်ခိုင်းကြတတ်ပါတယ်။ တကယ်ပဲ ကိုယ်ဝန်ဆောင်နဲ့ မီးနေသည်တွေဟာ တကယ်ပဲ အစားရှောင်ဖို့လိုအပ်သလား၊ ဘယ်လိုအစားအစာမျိုးတွေစားသင့်သလဲဆိုတာကို အထူးကုသမားတော်ကြီးတွေဆီက အကြံဉာဏ်တောင်းယူပြီး ပြန်လည်‌ဝေမျှပေးလိုက်ပါတယ်။



ကိုယ်ဝန်ဆောင်နဲ့ မီးနေသည်တွေနဲ့ ချဉ်ငံစပ်အစားအစာများ

အလွန်အကျွံစပ်တာဆိုရင်တော့ ရှောင်သင့်ပါတယ်။ ဒါပေမယ့် ပုံမှန်ဆီပြန်ဟင်းချက်လို့ ငရုတ်သီးလေးထောင်းချက်ရင် စားလို့ရပါတယ်။ လွန်ကဲတဲ့အစပ်ဆိုရင်တော့ အစာအိမ်ထိမှာဆိုးလို့သာ မစားရတာပါ။ ပုံမှန်အစပ်ဆိုစားပေးပါ။

အချဉ်ဆိုလည်း သံပုရာသီး၊ရှောက်သီး၊ လိမ္မော်သီး၊ မန်ကျည်သီး စတဲ့အချဉ်ဓာတ်ပါတဲ့ သဘာဝအသီးအနှံမျိုးဆို စားပေးသင့်ပါတယ်။ မစားသင့်တာက  မသန့်တဲ့ လက်လုပ်ချဉ် ၊ အပြင်စာတွေမှာပါတဲ့ အချဉ်ရည်မျိုးတွေဆိုရင်တော့ သန့်ရှင်းမှုမရှိတာကြောင့် ရှောင်ပါ။ မိမိအိမ်မှာ သန့်ရှင်းလတ်ဆတ်စွာ ချက်ပြုတ်တဲ့ ချဉ်ငံစပ် အစားအစာမျိုးစားရင်တော့ ပြဿနာမရှိပါဘူး။

Photo : Freepik

ကိုယ်ဝန်သည်က နှစ်ယောက်စာစားရတာလား

ကိုယ်ဝန်ရှိရင် အထဲက ကလေးအတွက် နှစ်ယောက်စာ စားရမယ်ဆိုတဲ့ အတွေးတွေလည်းရှိတတ်ကြပါတယ်။ နှစ်ယောက်စာစားရမယ်ဆိုတာ အမှန်တော့  ရာနှုန်းပြည့်မမှန်ပါဘူး။ ကိုယ်က အရမ်းအစားများလို့ ကလေး အလွန်အကျွံ ထွားပြီး ရိုးရိုးမွေးရင် မွေးရခက်နိုင်ပါတယ်။ အများကြီးစားသင့်တယ်၊ မစားသင့်ဘူးဆိုတာ ကိုယ်ဝန်ဆောင်ရဲ့ နဂိုမူလ ခန္ဓာကိုယ်အလေးချိန်ဘယ်လောက်ရှိလဲဆိုတာ မူတည်ပါတယ်။ နဂိုကခန္ဓာကိုယ်သေးတဲ့သူဆိုရင် အစားမစားလို့မရပါဘူး။ သူတတ်နိုင်သလောက် စားပေးရမယ်။ အဝလွန်နေတဲ့သူတွေ၊ ပေါင်ချိန်တတ်နေတဲ့သူဆိုရင်တော့ အစားတွေအများကြီးစားလို့မရပါဘူး။ ယေဘုယျသတ်မှတ်ရင်တော့ အရမ်းပိန်နေတာ ၊ အရမ်းဝနေတာမဟုတ်တဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ယောက်အနေနဲ့ သူပုံမှန်စားသောက်နေတဲ့ အစာအာဟာရကို ၂၀၀ ကယ်လိုရီ (ပေါင်မုန့် ၂ချပ်) စာလောက် ပိုစားရင် ကိုယ်ဝန်အတွက် လုံလောက်ပါတယ်။

Photo : Freepik

မီးနေသည်နဲ့ လူမမာစာ

မီးနေသည်တွေကိုကြည့်လိုက်ရင် အဖြူထည်တွေပဲ ကျွေးကြပါတယ်။ ငါးကြော်လေး၊ ကြက်သားကြော်လေးကို အဖြူထည်လေးကြော် နို့ထွက်ကောင်းအောင်ဆိုပြီး မြင်းခွာရည်ဟင်းချိုလေး တိုက်တတ်ကြပါတယ်။ နောက်ပြီး ကြက်ဥ၊ဘဲဥစားရင် ကလေးက ဝမ်းပုပ်တယ်။ သံပုရာရည်သောက်ရင် ကလေးအတွက် နို့ချဉ်တယ် စသဖြင့် ပြောကြတော့ အမေက အစားရှောင်ရင်းနဲ့ နောက်ဆုံး ထမင်းကို ဆီနဲ့ဆားနဲ့နယ်၊ ငါးခြောက်ဖုတ်နဲ့ပဲ စားသောက်ရတာမျိုးတွေတောင် ဖြစ်သွားတတ်ပါတယ်။  သာမန်သူတွေတောင် ငြီးငွေ့လွယ်တဲ့အစားအသောက်တွေမှာ သွေးသားပြောင်းလဲမှုအရ မီးနေသည်တွေမှာ ပိုလို့တောင် စားချင်သောက်ချင်စိတ်လေးတွေ ရှိပါတယ်။ ကလေးကို နို့တိုက်ရ၊ အိပ်ရေးပျက်တဲ့အခါမှာ အစားအသောက်ကောင်းကောင်းမရရင် သူ့အတွက် အဆင်မပြေနိုင်ပါဘူး။ တချို့စကားပုံတွေအရ မှိုတစ်နှစ် မျှစ် သုံးလဆိုပြီး မီးနေသည်ကို တစ်နှစ်လုံး မှိုမကျွေးတဲ့အပြင် မျှစ်ဆိုလည်း သုံးလကျော်မှ စားရတာမျိုးပါ။ အရင်တုန်းကတော့  တောထဲတောင်ထဲက မှိုတွေကို ခူးပြီးစားကြတာမျိုးဆိုရင် အဆိပ်ပါလား၊ မပါလားမသိနိုင်တာကြောင့် ဓာတ်မတည့်တာမျိုးဖြစ်မှာကိုစိုးရိမ်တဲ့အတွက် တားမြစ်ကြတာမျိုးပါ။ အခုနောက်ပိုင်းမှာက မွေးမြူရေးမှိုတွေဖြစ်လို့ ဒါကို တကူးတကရှောင်စရာမလိုပါဘူး။ တစ်ခုသတိထားရမှာက အလွန်အကျွံမစားသုံးဖို့ပါပဲ။

Photo : Freepik

မီးနေသည်နဲ့ကိုယ်ဝန်သည်တိုင်း အာဟာရမျှတအောင်စားပါ

မြန်မာလူမျိုးတွေရဲ့ ထုံးစံက ထမင်းတွေအများကြီးစားကြပါတယ်။ ထမင်းတစ်ပန်းကန်၊ အသား၊ငါး ဟင်းက လေးပုံတစ်ပုံနဲ့ အသီးအရွက် နည်းနည်းပဲစားကြတာပါ။  တကယ်တော့ ကိုယ်ဝန်သည်တွေအနေနဲ့ အာဟာရမျှတအောင်စားသုံးမယ်ဆိုရင် ထမင်းပန်းကန်ကိုလေးပုံ ပုံပါ။ တစ်ပုံက ထမင်း သို့မဟုတ် ခေါက်ဆွဲ ၊ဂျုံ စတဲ့ ကာဗွန်ဟိုက်ဒြိတ် ပါတာမျိုးစားပါ။ တစ်ပုံစီမှာ အသားငါး၊ အသီးအရွက်၊ အစေ့အဆံပါတာမျိုးတွေ စားပေးပါ။

မွေးကင်းမိခင်တွေအနေနဲ့လည်း ခုနကပြောသလိုပဲ  ကစီဓာတ်၊ အသားဓာတ်၊ ပရိုတင်းဓာတ် စတဲ့ အာဟာရဓာတ်ပြည့်ပြည့်၀၀ရရှိအောင် စားသုံးပါ။ အစာကြေလွယ်တဲ့ အစားအစာမျိုး စားပေးပါ။ ခွဲမွေးတဲ့မိခင်တွေအနေနဲ့ မွေးပြီး ပက်လက်လှဲနေရတာဆိုရင် အရည်အဓိက သောက်ပေးပါ။ အစာမကြေနိုင်တဲ့ဟာတွေ၊ လက်ဖက်ရည်၊ လက်ဖက်သုပ်၊ လွန်ကဲတဲ့ အစပ်တွေက အာဟာရဓာတ်လည်း မရှိတဲ့အတွက် မစားသုံးသင့်ပါဘူး။ ကျန်တဲ့အစားအသောက်တွေကို  ပုံမှန်ကျန်းမာတဲ့လူတစ်ယောက်အနေနဲ့ အကုန်စားသောက်လို့ရပါတယ်။

ဖော်ပြပါသတင်းဆောင်းပါးပါ အချက်အလက်များသည်  သားဖွားမီးယပ်အထူးကုဆရာဝန် ဒေါက်တာငြိမ်းမိုးသော်နှင့် ကလေးအထူးကုသမားတော်ကြီး ပါမောက္ခ ဒေါက်မြင့်နီလာတို့မှ အကြံပြုဝေမျှထားခြင်းဖြစ်ပါသည်။ 

 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က