မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ကို မလေးရှား ဆေးဘက်ဆိုင်ရာ သုတေသနဌာနက တွေ့ရှိခဲ့တာဖြစ်ပါတယ်။

အရှေ့တောင်အာရှဒေသတွင်း နိုင်ငံဖြစ်တဲ့ မလေးရှားမှာ ကူးစက်မှု ၁၀ ဆ ပိုမြန်တဲ့ မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်တစ်မျိုးကို တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။

(Photo: AP)

D614G လို့ခေါ်တဲ့ ကိုရိုနာဗိုင်းရပ်စ် (SARS-CoV-2) ရဲ့ မျိုးဗီဇပြောင်း မျိုးကွဲတစ်ခုကို တွေ့ရှိခဲ့ရကြောင်းနဲ့ အများပြည်သူအနေနဲ့ ပိုမိုဂရုစိုက်ကြရမယ်လို့ မလေးရှားကျန်းမာရေးဝန်ကြီးဌာန အထွေထွေညွှန်ကြားရေးမှူး နူးရ်ဟစ်ရှမ်အဗ္ဗဒူလာက ပြောခဲ့ပါတယ်။ COVID-19 ကပ်ရောဂါဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ်ကိုတော့ ယမန်နှစ် ဒီဇင်ဘာလကုန်ပိုင်းက တရုတ်အလယ်ပိုင်း ဝူဟန်မြို့မှာ စတင်တွေ့ရှိခဲ့ရပါတယ်။



"တစ်ကယ်လို့ ရောဂါကူးစက်ပျံ့နှံ့မှုများစေသူ 'super spreader' တွေကနေတစ်ဆင့် ကူးစက်ပျံ့နှံ့မယ်ဆိုရင် အခြား လူတွေကို ၁၀ ဆ ပိုမိုကူးစက်လွယ်ပြီး ပျံ့နှံ့လွယ်တာ တွေ့ရပါတယ်" လို့ နူးရ်ဟစ်ရှမ်က ၎င်းရဲ့ Facebook မှာ ယမန်‌နေ့ (ဩဂုတ် ၁၆ ရက်) က တင်ထားခဲ့တဲ့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။

(Photo: Reuters)

မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ကို မလေးရှား ဆေးဘက်ဆိုင်ရာ သုတေသနဌာန (Malaysian Institute for Medical Research) က တွေ့ရှိခဲ့တာဖြစ်ပါတယ်။ သုတေသနဌာနက မလေးရှားနိုင်ငံ Sivagangga မြို့ ကူးစက်မှုအစုအဝေးမှ ကူးစက်ခံရသူ သုံးဦးနဲ့ Ulu Tiram ကူးစက်မှုအစုအဝေးမှ တစ်ဦးတို့ကို သီးခြားခွဲထားပြီး စစ်ဆေးမှုတွေအရ မျိုးဗီဇပြောင်းဗိုင်းရပ်စ်ကို တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။

"ဒီ ကူးစက်မှုအစုအဝေး နှစ်ခုကိုတော့ အများပြည်သူ ကျန်းမာရေးအစီအမံတွေ လျင်လျင်မြန်မြန် ချမှတ်ဆောင်ရွက်မှုနဲ့အတူ ထိန်းချုပ်နိုင်ပြီ ဖြစ်ပါတယ်" လို့ နူးရ်ဟစ်ရှမ်က ပြောပါတယ်။ D614G ခေါ် မျိုးဗီဇပြောင်း ကိုရိုနာဗိုင်းရပ်စ်ကို သိပ္ပံပညာရှင်တွေက ဇူလိုင်လအတွင်း တွေ့ရှိခဲ့တာဖြစ်ပြီး လက်ရှိ ကာကွယ်ဆေးသုတေသနက အဆိုပါ အသွင်ပြောင်း ဗိုင်းရပ်စ်ကို ကာကွယ်နိုင်ရန် ပြည့်စုံမှုမရှိ သို့မဟုတ် ထိရောက်မှုမရှိဘူးလို့ ၎င်းက ဖြည့်စွက်ပြောခဲ့ပါတယ်။

(Photo: Reuters)

အများပြည်သူအနေနဲ့ ရောဂါကာကွယ်ရေးနဲ့ ကျန်းမာရေးအစီအမံတွေအဖြစ် ခပ်ခွာခွာနေခြင်း၊ တစ်ကိုယ်ရည်သန့်ရှင်းရေး ဂရုစိုက်ခြင်းနဲ့ mask များ တပ်ခြင်းတို့ကို ဆက်လက် လုပ်ဆောင်ကြရန် မလေးရှားကျန်းမာရေးဝန်ကြီးဌာန အထွေထွေညွှန်ကြားရေးမှူးက အကြံပြု တိုက်တွန်းခဲ့ကြောင်း Bernama သတင်းဌာနက ဖော်ပြပါတယ်။ မလေးရှားနိုင်ငံမှာ လက်ရှိအချိန်အထိ COVID-19 ကူးစက်ခံရသူ ၉,၂၁၂ ဦး၊ သေဆုံးသူ ၁၂၅ ဦးနဲ့ ပြန်လည်သက်သာသူ ၈,၈၇၆ ဦးရှိခဲ့ကြောင်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က