အယ်လ်ဟီလယ်တိုက်စစ်မှူးနေမာကတော့ အီရန်ကလပ် Nassaji Mazandaran နဲ့ ကစားရမယ့် အာရှချန်ပီယံလိဂ်ပွဲအတွက် တော်တော်လေးထိတ်လန့်နေပုံရပါတယ်။ ထိတ်လန့်ရတဲ့ အကြောင်းရင်းကတော့ အီရန်ကလပ်ရဲ့ အိမ်ကွင်းအနေအထားကြောင့်ဖြစ်ပြီး နေမာ စိတ်လွတ်ကိုယ်လွတ်ကစားနိုင်မယ့် ကွင်းမျိုးမဟုတ်တာကြောင့်ပါ။
အီရန်ကလပ်ဟာ အယ်လ်ဟီလယ်နဲ့ ကစားရမယ့် အာရှချန်ပီယံလိဂ်ပွဲအတွက် သူတို့အိမ်ကွင်းကို ပြင်ဆင်နေခဲ့ပြီး ပြင်ဆင်နေခဲ့တဲ့ ဗီဒီယိုဖိုင်တွေလည်း ထွက်ပေါ်လာခဲ့ပါတယ်။ အဆိုပါဗီဒီယိုဖိုင်မှာ မြင်တွေ့ရပုံအရ အလုပ်သမားတွေဟာ ကွန်ကရစ်ခင်းထားတယ်လို့ ယူဆရတဲ့ ကွင်းမျက်နှာပြင်မှာ မြက်တွေကို နေရာချနေတာကို တွေ့ရပါတယ်။
နေမာကလည်း ဒါကိုမြင်တွေ့ခဲ့ပြီး သူ့ရဲ့ X အကောင့်ကတဆင့် "ဒါက ကစားဖို့ မဖြစ်နိုင်ဘူး" လို့ ရေးသားကာ လက်ဝါးနဲ့ နဖူးကိုရိုက်နေတဲ့ အီမိုဂျီကိုလည်း အသုံးပြုခဲ့တာ တွေ့ရပါတယ်။ အမှန်တကယ်လည်းပဲ ကွင်းမျက်နှာပြင်ဟာ ဘောလုံးကွင်းလို့တောင် ယူဆနိုင်စရာမရှိတဲ့ အနေအထားဖြစ်ပါတယ်။
ဒီနောက်မှာ အီရန်ကို ရောက်ရှိခဲ့ပြီး နေမာတို့အသင်းဟာ ကွင်းအနေအထားကို ကြိုတင်လေ့လာမှုတွေ လုပ်ခဲ့ပါတယ်။ ဒီလိုလုပ်တဲ့အချိန်မှာ နေမာက ကွင်းမြက်ခင်းကိုပါ လှန်ကြည့်ခဲ့ပြီး သူ့စိတ်ထဲရှိနေတဲ့ သံသယတွေ မှန်၊မှန်ဆိုတာကို စစ်ဆေးခဲ့တာကိုလည်း တွေ့ရပါတယ်။
ပရိသတ်တွေကလည်း " အီရန်က ကြိုဆိုပါတယ် နေမာရေ"၊ "ဒီကွင်းကိုကြည့်ရတာ သေမင်းထောင်ချောက်နဲ့တူနေတယ်၊ အရဲမစွန့်ပါနဲ့ ဘရို" ၊ "ဒါက နိုင်ငံတော်အဆင့် ကွင်းပေါ့၊ Parc des Princes ကွင်းကနေ ဒီ အမှိုက်ကွင်းမှာ နေမာ လာကန်ရတာပဲ" စသဖြင့် မှတ်ချက်ပြုခဲ့ကြပါတယ်။