လီဗာပူးနဲ့မန်စီးတီးတို့ ဒီညကွန်မြူနတီဒိုင်းပွဲကစားရမှာပါ။

လီဗာပူးနည်းပြကလော့ပ်က ဒီကနေ့ညမှာ ကစားမယ့် မန်စီးတီးနဲ့ ကွန်မြူနတီဒိုင်းဖလားပွဲအတွက် ပရိသတ်တွေ သဘောကျလောက်စရာ စကားမျိုးကို ပြောကြားသွားခဲ့ပါတယ်။ ဒီနှစ်သင်းက လက်စတာအိမ်ကွင်း ကင်းပါဝါကွင်းမှာ ကစားမှာဖြစ်ပါတယ်။



မန်စီးတီးဟာ ပြီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ခဲ့ပြီး လီဗာပူးကတော့ အက်ဖ်အေဖလား ချန်ပီယံဖြစ်ခဲ့ပါတယ်။ အဲ့ဒါကြောင့်လည်း ဒီနှစ်သင်းက ရာသီကြိုကွန်မြူနတီဒိုင်းပွဲစဥ်မှာ ထိပ်တိုက်တွေ့ဆုံနေတာပါ။ ပြီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက်လည်း ဒီနှစ်သင်းကပဲ ပွဲစဥ် (၃၈) အထိ ယှဥ်ပြိုင်ခဲ့ရပါသေးတယ်။

အခု ဒီကနေ့ည မန်စီးတီးနဲ့ ကစားမယ့် ကွန်မြူနတီဒိုင်းပွဲအတွက် လီဗာပူးနည်းပြ ကလော့ပ်က “တကယ်လို့ ဒီညမှာသာ ခင်ဗျားနိုင်တယ်ဆိုရင် ခင်ဗျားအတွက် ကွန်မြူနတီဒိုင်းက အရမ်းကို အရေးပါတဲ့ပြိုင်ပွဲဖြစ်သွားမှာပါ။ အဲ့ဒီလိုမှမဟုတ်ဘဲ ခင်ဗျားရှုံးသွားတယ်ဆိုရင် ဒီပြိုင်ပွဲက ဘာမှအရေးမကြီးတဲ့ဖလားပေါ့” လို့ ပြောကြားသွားခဲ့ပါတယ်။

ဒီကွန်မြူနတီဒိုင်းနဲ့ပတ်သက်လို့ ပရိသတ်တွေအကြားမှာ အမြဲတမ်းလိုလို အငြင်းပွားလေ့ရှိကြပြီး အနိုင်ရတဲ့အသင်းအတွက် ဒီဒိုင်းဆုက တန်ဖိုးရှိတယ်၊ ရှုံးတဲ့အသင်းဘက်ကတော့ ဒါဟာ ရာသီကြိုပရဟိတဖလားအဆင့်ပဲရှိတယ်ဆိုပြီး ငြင်းခုံလေ့ရှိကြပါတယ်။ အခုအချိန်မှာလည်း ကလော့ပ်က ဒီအပေါ်မှာ ပြောကြားခဲ့တာပါ။

လီဗာပူးနဲ့မန်စီးတီးတို့ကလည်း နွေရာသီရဲ့ နာမည်ကျော်ကစားသမားတွေဖြစ်တဲ့ ဟာလန်း၊ ဒါဝင်နူးနက်ဇ်တို့ကို ခေါ်ယူထားခဲ့ပြီး ဒီနေ့ညပွဲမှာ ဒီကစားသမားနှစ်ယောက် ဂိုးသွင်း၊ မသွင်း၊ ခြေစွမ်းပြ၊ မပြကိုလည်း ပရိသတ်တွေက စိတ်ဝင်စားနေမှာ သေချာပါတယ်။ လီဗာပူးအနေနဲ့ ဒီပွဲအပြီးမှာ မနက်ဖြန်မှာပဲ ရာသီကြိုခြေစမ်းပွဲအဖြစ် တန်းတက် ဖူလ်ဟမ်နဲ့ ကွင်းပိတ်ခြေစမ်းပွဲ ကစားသွားဖို့ရှိနေပါသေးတယ်။ 

Share

Loading Next Article...
က္က