ရိုးမားနဲ့အတူ ကွန်ဖရင့်လိဂ်ဗိုလ်လုပွဲတက်ခဲ့ပြီးနောက် မော်ရင်ဟို ငိုကြွေးခဲ့တာပါ။

မနေ့ညက ကစားခဲ့တဲ့ ရိုးမားနဲ့လက်စတာတို့ရဲ့ ယူရိုပါကွန်ဖရင့်လိဂ်မှာတော့ ရိုးမားက ၁-၀ ဂိုးနဲ့ အနိုင်ရရှိကာ ဗိုလ်လုပွဲကို တက်ရောက်သွားနိုင်ခဲ့ပါတယ်။ ပထမအကျော့ လက်စတာကွင်းမှာတုန်းက တဖက်တဂိုးစီ သရေကျခဲ့တာပါ။



ဒုတိယအကျော့ အိမ်ကွင်းပွဲမှာတော့ ရိုးမားအတွက် တလုံးတည်းသော အနိုင်ဂိုးကို အေဘရာဟမ်က သွင်းယူပေးခဲ့ပြီး နှစ်ကျော့ပေါင်းရလဒ် ၂-၁ ဂိုးနဲ့ အနိုင်ရရှိကာ ဗိုလ်လုပွဲ တက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။ ရိုးမားဟာ ဗိုလ်လုပွဲမှာတော့ နယ်သာလန်ကလပ် ဖီယင်နုနဲ့ ရင်ဆိုင်ကစားရမှာပါ။

ဒီပွဲအပြီးမှာတော့ ရိုးမားနည်းပြ မော်ရင်ဟိုတယောက် ဝမ်းသာမျက်ရည်တွေနဲ့ ငိုကြွေးနေခဲ့တာကို ပရိသတ်တွေ မြင်တွေ့ခဲ့ရပါတယ်။ ယူရိုပါကွန်ဖရင့်လိဂ်ဟာ ချန်ပီယံလိဂ်၊ ယူရိုပါလိဂ်ပြီးရင် ဥရောပဘောလုံးအဖွဲ့ချုပ်လက်အောက်က တတိယအဆင့်မြင့်ဆုံး ပြိုင်ပွဲပါ။ မော်ရင်ဟိုဟာ ချန်ပီယံလိဂ်ဖလား၊ ယူရိုပါလိဂ်ဖလားတို့ကို ဆွတ်ခူးနိုင်ခဲ့ပြီးပါပြီ။



ဒါ့အပြင် ဒီရာသီဟာ ယူရိုပါကွန်ဖရင့်လိဂ်ကို ပထမဆုံးစတင်ကျင်းပတဲ့ရာသီဖြစ်ခဲ့ပြီး ဗိုလ်လုပွဲမှာသာ အနိုင်ရရှိခဲ့မယ်ဆိုရင် မော်ရင်ဟိုက ယူရိုပါကွန်ဖရင့်ဖလားကို ပထမဆုံး ဆွတ်ခူးနိုင်တဲ့ နည်းပြတယောက်ဖြစ်လာမှာပါ။ နောက်ပြီး မော်ရင်ဟိုဟာ ချန်ပီယံလိဂ်၊ ယူရိုပါလိဂ်နဲ့ ယူရိုပါကွန်ဖရင့်လိဂ် ပြိုင်ပွဲသုံးခုလုံးမှာ ဗိုလ်စွဲနိုင်တဲ့ ပထမဆုံးနည်းပြဖြစ်လာနိုင်ပါတယ်။

အသက် (၅၉) နှစ်အရွယ်ရှိပြီဖြစ်တဲ့ မော်ရင်ဟိုဟာ ပြီးခဲ့တဲ့ (၂၀၀၃) မှာ ပေါ်တိုနဲ့အတူ ပထမဆုံးဥရောပအောင်မြင်မှုအဖြစ် ယူအီးအက်ဖ်အေဖလားကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ မော်ရင်ဟိုဟာ အင်တာမီလန်ကိုလည်း သမိုင်းဝင်ဆုဖလားသုံးလုံးနဲ့ အောင်မြင်မှုရရှိစေခဲ့တဲ့ရာသီမှာ ချန်ပီယံလိဂ်ဖလား ထပ်မံဆွတ်ခူးနိုင်ခဲ့ပါတယ်။

အဲ့ဒီရာသီတုန်းက မော်ရင်ဟိုရဲ့အင်တာမီလန်က ဥရောပအင်အားကြီး ဘိုင်ယန်မြူးနစ်ကို ဗိုလ်လုပွဲမှာ အနိုင်ရဗိုလ်စွဲခဲ့တာဖြစ်ပါတယ်။ မော်ရင်ဟိုအတွက် နောက်ဆုံးသော ဥရောပအောင်မြင်မှုကတော့ (၂၀၁၇) မှာ ယူနိုက်တက်နဲ့အတူ ရရှိခဲ့တဲ့ ယူရိုပါလိဂ်ဆုဖလားပဲဖြစ်ပါတယ်။ အခု (၂၀၂၂) မှာတော့ မော်ရင်ဟိုအတွက် နောက်ထပ် ဥရောပအောင်မြင်မှုက စောင့်ကြိုနေပြီဖြစ်ပါတယ်။

မော်ရင်ဟိုဟာ သူ့ရဲ့နည်းပြဘဝ သက်တမ်းတလျှောက်မှာ ဗိုလ်လုပွဲ (၃) ကြိမ်သာ ရှုံးနိမ့်ခဲ့ဖူးသလို ဒီရှုံးနိမ့်ခဲ့တဲ့ (၃) ကြိမ်မှာလည်း ဥရောပပြိုင်ပွဲအဖြစ် ကစားခဲ့တဲ့ ဗိုလ်လုပွဲတပွဲမှ မပါဝင်ခဲ့ပါဘူး။ အဲ့ဒါကြောင့်လည်း ဖီယင်နုအနေနဲ့ မော်ရင်ဟိုရဲ့ ဒီမှတ်တမ်းဆိုးကို တားဆီးနိုင်ဖို့ ဗိုလ်လုပွဲမှာ မော်ရင်ဟိုရဲ့ရိုးမားကို အနိုင်ကစားနိုင်မလား စောင့်ကြည့်ရမှာဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က