ရိုးမားနည်းပြ မော်ရင်ဟိုက ဒီကနေ့ညမှာ ကစားမယ့် ရိုးမားနဲ့ဖီယင်နုတို့ရဲ့ ယူရိုပါကွန်ဖရင့်လိဂ်ဗိုလ်လုပွဲအတွက် ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ သူဟာ စပါယ်ရှယ်ဝမ်းတယောက် မဟုတ်တော့ဘူးလို့ ပြောကြားခဲ့ပါတယ်။ ယူရိုပါကွန်ဖရင့်လိဂ်ကို ဒီနှစ် ဘောလုံးရာသီမှ စတင်ကျင်းပခဲ့တာပါ။
အဲ့ဒါကြောင့် ဒီကနေ့ညမှာ အနိုင်ရတဲ့အသင်းက ပြိုင်ပွဲသမိုင်းတလျှောက်မှာ ပထမဆုံးဗိုလ်စွဲနိုင်တဲ့အသင်းအဖြစ် မှတ်တမ်းဝင်နိုင်မှာဖြစ်ပါတယ်။ မော်ရင်ဟိုဟာ ဥရောပပြိုင်ပွဲတွေနဲ့ ကံစပ်ခဲ့တဲ့ နည်းပြတယောက်ဖြစ်ပြီး ပေါ်တိုလို အသင်းမျိုးကိုတောင် ချန်ပီယံလိဂ်ဖလားရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သူပါ။
အဲ့ဒီနောက် ချဲလ်ဆီးနည်းပြအဖြစ် ပထမဆုံး သတင်းစာရှင်းလင်းပွဲမှာ မော်ရင်ဟိုက သူ့ကိုယ်သူ ‘စပါယ်ရှယ်ဝမ်း’ တယောက်အဖြစ် ခိုင်းနှိုင်းချီးကျူးခဲ့ပါတယ်။ ဒါပေမယ့် အခုချိန်မှာတော့ ဒီလိုမဟုတ်တော့ဘူးလို့ မော်ရင်ဟိုက ပြောလာပါတယ်။
မော်ရင်ဟိုက “စပါယ်ရှယ်ဝမ်းဆိုတာက ပုံပြင်ဟောင်းတပုဒ်ဖြစ်သွားပါပြီ။ ခင်ဗျားက ရင့်ကျက်လာမယ်၊ တည်ငြိမ်လာမယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ်ထက် အခြားလူတွေအတွက် ပိုစဥ်းစားဖြစ်လာမှာပါ။ ကျနော်က နည်းပြတိုင်းလုပ်နေတဲ့အရာကို လုပ်ပြခဲ့ပြီး အသင်းကို ကူညီဖို့အတွက်ပဲ ကြိုးစားနေတာပါ”
“မှော်ဝင်အခိုက်အတန့်တွေကို ကျနော် မယုံကြည်ပါဘူး။ ဒါက တဦးတယောက်ချင်းစီရဲ့ အခိုက်အတန့် မဟုတ်ပါဘူး။ ဒါက အသင်းလိုက်၊ ကစားသမားတွေ၊ ဝန်ထမ်းအားလုံးနဲ့လည်း ဆိုင်ပါတယ်။ အောင်မြင်မှုအသစ်တွေက အဟောင်းတွေထက် ပိုအဓိပ္ပာယ်ရှိလားဆိုရင်တော့ ရှိတာပေါ့”
“ဒါပေမယ့် ဘာမှကြီးကြီးမားမား မလုပ်ပြရသေးပါဘူး” လို့ ပြောကြားသွားခဲ့ပါတယ်။ မော်ရင်ဟိုဟာ ပေါ်တို၊ အင်တာမီလန်တို့နဲ့ ချန်ပီယံလိဂ်ဖလားတကြိမ်စီ၊ ယူနိုက်တက်နဲ့ ယူရိုပါလိဂ်ဖလားတကြိမ် ဆွတ်ခူးနိုင်ခဲ့ပြီးပါပြီ။ အခု ဒီကနေ့ညပွဲက သူ့အတွက် လေးကြိမ်မြောက် ဥရောပအောင်မြင်မှုအတွက် ကြီးမားတဲ့ အခွင့်အရေးတရပ်လည်းဖြစ်နေပါတယ်။