ကီရွန် ဒိုင်ယာက နယူးကာဆယ်ယူနိုက်တက်နဲ့ ကစားခဲ့တဲ့ပွဲစဉ် ပထမပိုင်း ၂၁ မိနစ်အကြာမှာပဲ ၅-၀ နဲ့ ရှုံးနိမ့်နေခဲ့ပြီးနောက် တော့တင်ဟမ်ဟော့စပါးကစားသမားတွေကို ပြစ်တင်ကြိမ်းမောင်းခဲ့ပြီး အန်တိုနီယို ကွန်တီ ပြောခဲ့တာတွေ မှန်တယ်လို့ ပြောကြားခဲ့ပါတယ်။
တော့တင်ဟမ်ဟော့စပါးအသင်းဟာ စိန့် ဂျိမ်းစ်ပါ့ခ်မှာ ၂ မိနစ်မှာပဲ နောက်ကနေ လိုက်ကစားခဲ့တာဖြစ်ပြီး နောက်ထပ် ၄ မိနစ်အကြာမှာ ဂျိုလင်တန်က ဖေဘီယန် ရှားရဲ့ ဖန်တီးပေးပို့မှုကနေ ဒတိုယမြောက် ဦးဆောင်ဂိုးကို သွင်းယူပေးသွားခဲ့တာဖြစ်ပါတယ်။
တော့တင်ဟမ်ဟော့စပါးရဲ့ ပွဲကို ဆိုးရွားစွာ စတင်မှုက ဒီမှာတင် အဆုံးမသတ်နိုင်သေးဘဲ နောက်ထပ် ၃ မိနစ်အကြာမှာ မာဖီကပဲ ဖေဘီယန် ရှားရဲ့ ဖန်တီးမှုကနေ တတိယမြောက် ဦးဆောင်ဂိုးကို သွင်းယူသွားခဲ့တာဖြစ်ပါတယ်။
အိမ်ရှင် နယူးကာဆယ် ယူနိုက်တက်ဟာ ပထမပိုင်း ၁၀ မိနစ်အတွင်းမှာပဲ အံ့အားသင့်ဖွယ်ကောင်းလောက်အောင် ၃ ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီး ၁၉ မိနစ်နဲ့ ၂၁ မိနစ်မှာ အလက်ဇန်းဒါး အိုင်းဆက်က ဦးဆောင်ဂိုးတွေ ဆက်တိုက်သွင်းယူပြီး တော့တင်ဟမ်ဟော့စပါးကို ယခုရာသီရဲ့ အဆိုးရွားဆုံး ပထမပိုင်းနဲ့ ရင်ဆိုင်စေခဲ့တာဖြစ်ပါတယ်။
ဒုတိယပိုင်းမှာ ၅ ဂိုးအထိ ခွင့်ပြုခဲ့ရတဲ့ ဟူဂို လိုရစ်ရဲ့နေရာမှာ ဖရေဆာ ဖော်စတာကို အသုံးပြုခဲ့ပြီး ၄၉ မိနစ်မှာပဲ ဟော့ဗျက်ရဲ့ ဖန်တီးပေးပို့မှုကနေ ဟာရီ ကိန်းက တော့တင်ဟမ်ဟော့စပါးအတွက် ချေပဂိုးကို သွင်းယူပေးခဲ့ပေမယ့်လည်း အဲဒီသွင်းဂိုးက စပါးစ်အတွက် တစ်လုံးတည်းသော ချေပဂိုး ဖြစ်ခဲ့တာဖြစ်ပါတယ်။
၆၆ မိနစ်မှာ နယူးကာဆယ်အသင်းဟာ ပထမပိုင်းမှာ ၂ ဂိုးအထိ သွင်းယူနိုင်ခဲ့တဲ့ အိုင်းဆက်နဲ့ မာဖီတို့ကို အနားပေးပြီး ကယ်လမ် ဝီလ်ဆင်နဲ့ အယ်လ်မီရွန်တို့ကို လူစားဝင်ကစားစေခဲ့ပြီးနောက် ၁ မိနစ်မပြည့်ခင်မှာပဲ ဝီလ်ဆင်က နယူးကာဆယ်အသင်းအတွက် ဆဌမမြောက် ဦးဆောင်ဂိုးကို သွင်းယူသွားခဲ့တာဖြစ်ပါတယ်။
ကွန်တီဟာ ပြီးခဲ့တဲ့လက ဆောက်သမ်တန်နဲ့ပွဲစဉ်မှာ ဆိုးရွားတဲ့စွမ်းဆောင်ရည်ပြသခဲ့တဲ့ ကစားသမားတွေကို ပြစ်တင်ကြိမ်းမောင်းခဲ့ပြီးနောက် နည်းပြရာထူးကနေ ထုတ်ပယ်ခြင်းခံခဲ့ရတာဖြစ်ပြီး နယူးကာဆယ်ကြယ်ပွင့်ဟောင်း ဒိုင်ယာက တနင်္ဂနွေနေ့ညနေ ဆိုးရွားတဲ့ ကစားပုံကို မြင်တွေ့ခဲ့ရပြီးနောက် အီတလီလူမျိုးနည်းပြရဲ့ မှတ်ချက်က မှန်ကန်ခဲ့တယ်လို့ ခံစားခဲ့ရတာဖြစ်ပါတယ်။
“ကွန်တီက စပါးစ်ကစားသမားတွေနဲ့ပတ်သက်ပြီး ဒေါသတကြီး ပြောခဲ့တဲ့အချိန်မှာ ဝေဖန်မှုတွေ အများအပြားရှိခဲ့ပေမယ့် ဒါကြောင့်ပဲ သူ ဒေါသတကြီး ပြောခဲ့တာပဲ။ သူ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့သမျှအားလုံးက အမှန်တကယ်ဖြစ်လာတာပဲ။ စပါးစ်ကစားသမားတွေက နည်းပြကို သူ့ရဲ့ အလုပ် ဆုံးရှုံးစေခဲ့တယ်။ သူတို့တွေက အဲဒီလောက်ကို ဆိုးရွားပါတယ်။ကျွန်တော်တို့ ပြောခဲ့တာက နောက်ခံတောင်ပံက ပြဿနာဖြစ်လိမ့်မယ်ဆိုတာပါ။ ဗဟိုခံစစ်ကစားသမားတွေကလည်း ဆိုးရွားခဲ့တယ်။ ကွင်းလယ်ကလည်း ဆိုးရွားခဲ့တယ်။ သူတို့တွေက အမဲဖျက်ခံခဲ့ရတာပါ။ ၇-၀၊ ၈-၀ လောက်အထိ ဖြစ်ခဲ့နိုင်ပါတယ်။ သူတို့တွေ(နယူးကာဆယ်)က အဲဒီလောက်ကို သွင်းနိုင်ခဲ့ပါတယ်။ စပါးစ်က အရမ်းညံ့ဖျင်းခဲ့တာက အရှက်ရစရာပါ။ သူတို့တွေ ပရိသတ်တွေကို စိတ်ပျက်စေခဲ့တယ်။ သူတို့တွေ အသင်းနဲ့ ပတ်သက်တဲ့လူတိုင်းကို စိတ်ပျက်စေခဲ့တယ်။သူ(ယာယီနည်းပြ)က ခံစစ်က ၅ ဦးကို အပြောင်းအလဲလုပ်ဖို့ နာရီဝက်လောက် အချိန်ယူခဲ့ပေမယ့်လည်း အဲဒီအချိန်မှာ ပွဲက ပြီးသွားခဲ့ပြီ။ ”လို့ ပြောကြားခဲ့ပါတယ်။
Share