ချဲလ်ဆီးနဲ့စပါးတို့ စတမ်းဖို့ဒ်ဘရစ်ချ်မှာ နှစ်ဂိုးစီသရေကျခဲ့တာပါ။

ချဲလ်ဆီးနဲ့စပါးတို့ရဲ့ လန်ဒန်ဒါဘီကတော့ တော်တော်လေးကိုကြည့်ကောင်းခဲ့တဲ့ပွဲတပွဲဖြစ်ခဲ့ပါတယ်။ ပထမပိုင်းတပိုင်းလုံး ချဲလ်ဆီးက တဖက်သတ်ဖိကစားခဲ့ပြီး ဦးဆောင်ဂိုးလည်းရခဲ့ပါတယ်။ နှစ်သင်းလုံးက အတောင့်တင်းဆုံးလူစာရင်းနဲ့ပဲ ပွဲထွက်လာခဲ့ကြပြီး ချဲလ်ဆီးက ကူကူရယ်လာ၊ စတာလင်၊ ကူလီဘလီ သုံးယောက်လုံး ပွဲထွက်ခဲ့ပါတယ်။



စပါးကလည်း ဒုတိယပိုင်းမှာ ရစ်ချာလီဆန်ကိုလည်း ပထမဆုံးပွဲအနေနဲ့ လူစားလဲထည့်သွင်းခဲ့ပြီး ပွဲကမြိုင်မြိုင်ဆိုင်ဆိုင်ရှိခဲ့ပါတယ်။ ချဲလ်ဆီးအတွက် ဦးဆောင်ဂိုးကိုတော့ ကူကူရယ်လာရဲ့ထောင့်ကန်ဘောကတဆင့် ကူလီဘလီက ဧရိယာထဲမှာ တယောက်တည်း လွတ်လွတ်ကျွတ်ကျွတ် ကန်သွင်းခဲ့တာပါ။ စပါးရဲ့အားနည်းချက်ရှိခဲ့သလို ကူလီဘလီရဲ့ အဆုံးသတ်ပုံကလည်း တိုက်စစ်မှူးတယောက်အလားထင်မှတ်ရလောက်အောင်ကို ကောင်းမွန်ခဲ့ပါတယ်။

ပထမပိုင်းမှာချဲလ်ဆီးရဲ့ Pressing ဒဏ်ကို စပါးတို့ ဘယ်လိုမှမခံနိုင်ခဲ့ဘဲ ချဲလ်ဆီးအနေနဲ့လည်း တဂိုးထက်ပိုရခဲ့သင့်ပါတယ်။ ဒုတိယပိုင်းမှာတော့ စပါးကလည်း ချေပဂိုးရဖို့ ပြန်လည်ဖိအားပေးလာခဲ့ပြီး ဟိုချ်ဘာ့ချ်ရဲ့ ဧရိယာထိပ်က ကန်ချက်ကတဆင့် စပါးတို့ ချေပဂိုးပြန်ရခဲ့ပါတယ်။ ဒီဂိုးရသွားချိန်မှာ ကွန်တီရဲ့အောင်ပွဲခံဟန်ကြောင့် တူဟယ်လ်နဲ့ ထိပ်တိုက်တွေ့ခဲ့ပြီး ပွဲဆူခဲ့ပါသေးတယ်။

အဲ့ဒီနောက် ကိုင်ဟာဗက်ဇ် ရီစီဂျိမ်းစ်ရဲ့ဖြတ်တင်ဘောကတဆင့် အပိုင်အခွင့်အရေးတကြိမ်ရခဲ့ပေမယ့် အံ့အားသင့်ဖွယ် လွဲချော်ခဲ့ပါတယ်။ ဒါပေမယ့် ချက်ချင်းဆိုသလိုပဲ ချဲလ်ဆီးတို့ ဦးဆောင်ဂိုးရခဲ့ပါတယ်။ တန်ပြန်တိုက်စစ်စမယ့် စပါးကို ကူလီဘလီက အကောင်းဆုံးဟန့်တားခဲ့ပြီး ကန်တေ၊ စတာလင်တို့ကတဆင့် ရီစီဂျိမ်းစ်က လွတ်လွတ်ကျွတ်ကျွတ် ကန်သွင်းခဲ့ပါတယ်။

စပါးအတွက် ချေပဂိုးကိုတော့ နာကျင်အချိန်ပို နောက်ဆုံးမိနစ်မှာ ဟယ်ရီကိန်းက ထောင့်ကန်ဘောကတဆင့် ခေါင်းတိုက်သွင်းယူခဲ့ပါတယ်။ ဒီပွဲမှာ စပါးက ချဲလ်ဆီးရဲ့ အိမ်ရှင်ဖိအားနဲ့ မာမာထန်ထန် ကစားပုံအောက်မှာ ရုန်းကန်ခဲ့ရပေမယ့် အရေးပါတဲ့အချိန်တွေမှာ အကောင်းဆုံးပြန်လည်တုံ့ပြန်နိုင်ခဲ့တာကြောင့်သာ စပါးတို့ စတမ်းဖို့ဒ်ဘရစ်ချ်မှာ သရေတမှတ်ရရှိခဲ့တာဖြစ်ပြီး ချဲလ်ဆီးအတွက်တော့ နစ်နာတဲ့ပွဲတပွဲဖြစ်ခဲ့ရပါတယ်။ နှစ်ဖက်အသင်းကြားမှာတော့ ပွဲပြီးတဲ့အထိ ပြဿနာရှိခဲ့တာကိုလည်း ပရိသတ်တွေမြင်တွေ့ခဲ့ရပါတယ်။

Share

Loading Next Article...
က္က