စပါးနည်းပြ ကွန်တီဟာ အသင်းကို စတင်ကိုင်တွယ်ချိန်တည်းက တင်းကျပ်တဲ့ စည်းကမ်းတွေ၊ ပြင်းထန်တဲ့ လေ့ကျင့်ခန်း အစီအစဥ်တွေနဲ့ ကိုင်တွယ်နေတယ်လို့ သိရှိရပါတယ်။ စပါးဟာ နည်းပြဟောင်း နူနိုဆန်တိုကို ရာထူးက ထုတ်ပယ်ခဲ့ပြီးနောက် ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်းမှာ ကွန်တီကို (၂၀၂၃) အထိ သက်တမ်းရှိ စာချုပ်တစ်ရပ် ချုပ်ဆိုခဲ့တာပါ။
ကွန်တီဟာ စပါးနဲ့ စာချုပ်ချုပ်ပြီးပြီးချင်းမှာတင် အသင်းလေ့ကျင့်ရေးကွင်းကို လာရောက်ကြည့်ရှု ကွပ်ကဲခဲ့ပါတယ်။ ကြာသပတေးညက ကစားခဲ့တဲ့ ဗွီတက်ဆီနဲ့ ယူရိုပါကွန်ဖရင့်လိဂ်ပွဲကိုတော့ ကွန်တီက စပါးနည်းပြဘဝ ပွဲဦးထွက်အဖြစ် ကိုင်တွယ်ခဲ့ပြီး အဲ့ဒီပွဲမှာ စပါးက ၃-၂ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။
ချဲလ်ဆီး၊ အင်တာမီလန်တို့နဲ့အတူ အမှတ်ပေးဖလားကို ဆွတ်ခူးနိုင်ခဲ့တဲ့ ကွန်တီဟာ လက်ရှိစပါးမှာလည်း အောင်မြင်မှုတစ်ခုခုရယူနိုင်ဖို့ အပြင်းအထန်ကြိုးစားနေပြီး သူ့ရဲ့ ကစားသမားတွေကလည်း ဒီအပေါ်မှာ မနည်းအမှီလိုက်နေရတယ်လို့ သတင်းတွေက ဖော်ပြနေတာပါ။
ပြီးခဲ့တဲ့အပတ်ကပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲကိုလည်း ကွန်တီက တစ်နာရီကျော်ကြာ နောက်ကျမှ ရောက်လာခဲ့ပြီး အကြောင်းရင်းကတော့ စပါးကစားသမားတွေကို သူ့ရဲ့နည်းစနစ်တွေနဲ့ ပတ်သက်လို့ ရှင်းပြနေတာကြောင့်ဖြစ်တယ်လို့ သိရပါတယ်။
ဒါ့အပြင် ဗွီတက်ဆီကိုနိုင်တဲ့ပွဲအပြီး နောက်တစ်ရက် သောကြာနေ့မှာလည်း ကွန်တီက ကစားသမားတွေကို အပြင်းအထန် လေ့ကျင့်ခိုင်းခဲ့ပြီး အဲ့ဒီလေ့ကျင့်ခန်းအစီအစဥ်အပြီးမှာ စပါးကြယ်ပွင့်ကစားသမားတွေကတော့ သေမလိုတောင် ခံစားခဲ့ရတယ်လို့ The Athletic က ဖော်ပြခဲ့ပါတယ်။
လေ့ကျင့်ခန်းအစီအစဥ် ပြီးဆုံးချိန်မှာလည်း ကွန်တီဟာ ဗွီတက်ဆီနဲ့ပွဲက နည်းစနစ်ပိုင်းသုံးသပ်ချက်အတွက် (၁) နာရီကျော်ကြာအောင် အစည်းအဝေးလုပ်ခဲ့ပြီး ပုံမှန်အားဖြင့် ဒီအစည်းအဝေးကို မိနစ် (၂၀) သာ ကြာမြင့်မယ်ဆိုပြီး သတ်မှတ်ထားတာပါ။
ကွန်တီဟာ စပါးကစားသမားတွေရဲ့ ကြံ့ခိုင်မှုပိုင်းဆိုင်ရာကို အားရကျေနပ်မှုမရှိဘဲ ကစားသမားတွေကို အချဥ်ရည်ဆော့စ်နဲ့ Mayonnaise တို့ကို မစားသုံးဖို့ ပိတ်ပင်ထားပါသေးတယ်။ ကွန်တီဟာ ကစားသမားတိုင်းကို အခွင့်အရေးပေးမှာဖြစ်ပြီး အခွင့်အရေးနဲ့ထိုက်တန်တယ်ဆိုတာကို သက်သေပြဖို့၊ စိတ်ပိုင်းဆိုင်ရာကို အပြောင်းအလဲလုပ်ဖို့ ကစားသမားတွေကို ညွှန်ကြားထားတယ်လို့ သိရှိရပါတယ်။