စပါးနည်းပြ ကွန်တီရဲ့ ရာသီကြိုလေ့ကျင့်ခန်း အစီအစဥ်တွေ ပြင်းထန်မှုက တော်တော်လေး ပြောစမှတ်ပြုစရာဖြစ်နေပြီး ဆွန်ဟောင်၊ ဟယ်ရီကိန်းတို့အပါအဝင် စပါးကစားသမားတွေ တော်တော်လေး ပင်ပန်းနွမ်းနယ်သွားခဲ့ရပါတယ်။ လက်ရှိအချိန်မှာ စပါးက ရာသီကြိုခရီးစဥ်အဖြစ် တောင်ကိုရီးယားနိုင်ငံကို ရောက်ရှိနေတာပါ။
ဆိုးလ်မြို့မှာ ပထမဆုံးလေ့ကျင့်ခန်းပြုလုပ်ခဲ့တဲ့နေ့မှာတင် ကွန်တီက ကစားသမားတွေကို ပြင်းပြင်းထန်ထန် မောင်းနှင်ခဲ့တာဖြစ်ပါတယ်။ ကွန်တီဟာ စပါးကစားသမားတွေကို မိနစ် (၉၀) ကြာ လေ့ကျင့်ခန်းဆင်းခိုင်း (၁၀) ယောက်နှစ်သင်းခွဲကစားခိုင်းခဲ့သလို အဲ့ဒီနောက်မှာလည်း ကြိုတင်အသိပေးထားခြင်းမရှိဘဲ ကွင်းထဲမှာ ကစားသမားတွေကို သာမန်ပြေးနှုန်းထက် ပိုမိုမြန်မြန်ဆန်ဆန်နဲ့ ပြေးလွှားခိုင်းခဲ့တာပါ။
ဒီလေ့ကျင့်ခန်းအစီအစဥ်ကိုတော့ အသင်းရဲ့ကြံ့ခိုင်ရေးနည်းပြ ဂျီယန်ပီရိုက လိုက်ပါကြီးကြပ်ခဲ့ပြီး ကစားသမားတွေကလည်း တသဝေမတိမ်း လိုက်ပါလုပ်ဆောင်ခဲ့ရပါတယ်။ အခု စပါးတို့ ဒီလိုမျိုး လေ့ကျင့်ခန်းပြင်းပြင်းထန်ထန် ပြုလုပ်နေချိန်မှာလည်း ကွင်းအတွင်း အပူချိန်က (၃၀) ဒီဂရီစင်တီဂရိတ်အထိရှိခဲ့ပြီး ကွင်းအတွင်း လေလုံးဝမတိုက်ခဲ့ဘူးလို့ သိရှိရပါတယ်။
တောင်ကိုရီးယားမြေက ပရိသတ်တွေလာရောက်ကြည့်ရှုနေတဲ့ ဒီလေ့ကျင့်ခန်းအပြီးမှာတော့ ဟယ်ရီကိန်းတယောက် ထိုင်ကျသွားပြီး အန်ပါအန်ထွက်ခဲ့တာကို ပရိသတ်တွေ မြင်တွေ့ခဲ့ရပါတယ်။ ဒါ့အပြင် ဆွန်ဟောင်မင်လည်း ကွင်းအတွင်း ခြေပစ်လက်ပစ်လဲကျသွားခဲ့ပြီး မြက်ခင်းပြင်ပေါ် လူးလှိမ့်နေခဲ့ပါတယ်။
ဒီနောက်မှာ အဲရစ်ဒိုင်ယာကတော့ ပရိသတ်တွေကို ပြန်လည်အားပေးနှုတ်ဆက်နိုင်ခဲ့ပြီး ဘရိုင်ယန်ဂေးလ်၊ ဒေဗာဆင်ဆန်းချက်ဇ်တို့ကလည်း နောက်တကြိမ်ထပ်ပြေးပြဖို့ ခွန်အားကျန်သေးတယ်လို့ ပရိသတ်တွေက မှတ်ချက်ပြုနေကြပါတယ်။ လူငယ်တိုက်စစ်မှူး ပါရော့တ်ကတော့ သူ့အနေနဲ့ ပုံမှန်အားဖြင့် အပြေးသန်သည့်တိုင် အခုလိုမျိုး ကွန်တီရဲ့ လေ့ကျင့်ခန်းအစီအစဥ်ကတော့ ပြင်းထန်လွန်းခဲ့တယ်လို့ ဝန်ခံသွားပါတယ်။