စတန်းဖို့ဒ်ဘရစ်ချ်မှာ ၂ ဂိုးစီသရေကျခဲ့တဲ့ ချယ်လ်ဆီးနဲ့ စပါးတို့ရဲ့ လန်ဒန်ဒါဘီကတော့ နောက်ဆုံးအချိန်အထိ အကြိတ်အနယ်ရှိခဲ့ပြီး ဒရာမာဆန်ခဲ့ပါတယ်။ ပွဲချိန်နောက်ဆုံးမိနစ်သွင်းဂိုးကြောင့် စပါးတို့ အဝေးကွင်းမှာ အဖိုးတန်သရေတမှတ်ရရှိခဲ့ပြီး ပွဲအပြီးမှာ ကွင်းဘေးနား နှစ်ဖက်အသင်းနည်းပြတွေဖြစ်တဲ့ တူချယ်လ်နဲ့ ကွန်တီတို့ လက်ဆွဲနှုတ်ဆက်ရာကနေ အချင်းများခဲ့ပြီး နှစ်ဦးစလုံး အနီကတ်ပြသခံခဲ့ရပါတယ်။
ပုံမှန်ပွဲကစားချိန်အတွင်းမှာကတည်းက သူတို့နှစ်ဦးကြားမှာ အဖုအထစ်တွေရှိနေခဲ့တာပါ။ ကိုယ့်အသင်း ဂိုးရတိုင်းမှာ နည်းပြနှစ်ယောက်စလုံးက အားပါးတရအောင်ပွဲခံခဲ့ပြီး တဦးနဲ့တဦး ပြိုင်ဆိုင်နေခဲ့တာဖြစ်ပါတယ်။ ပွဲပြီးချိန် လက်ဆွဲနှုတ်ဆက်ရာမှာတော့ ကွန်တီက တူချယ်လ်ကို မကြည့်ခဲ့ဘဲ အဖြစ်သဘောသာ နှုတ်ဆက်ခဲ့လို့ တူချယ်လ်က လက်ကိုဆွဲညှစ်ခဲ့ရာမှာ ကွန်တီရဲ့ လက် နာသွားခဲ့ပြီး ရန်ပွဲစတင်ကာ ဝိုင်းပြိးဖျန်ဖြေပေးခဲ့ရပါတယ်။
ဒီရန်ပွဲနဲ့ပတ်သက်ပြီး တူချယ်လ်က "လက်ဆွဲနှုတ်ဆက်ချိန်မှာ တယောက်နဲ့တယောက်မျက်လုံးချင်းဆုံရမယ်လို့ ကျနော်တွေးမိတယ်၊ ကွန်တီမှာ တခြားစိတ်ကူးတွေရှိနေလို့ဖြစ်မယ်၊ ချေပဂိုးပြန်ရချိန်မှာ သူပျော်သွားခဲ့ပြီး ခံစားချက်တွေလည်း များခဲ့ပုံပါပဲ၊ နည်းနည်းလေး ပွဲကြမ်းခဲ့ပေမယ့် ကြီးကြီးမားမားတော့မရှိခဲ့ပါဘူး၊ ကွင်းလယ်ဒိုင်ဆီက နောက်ထပ်ဆိုးရွားတဲ့ဆုံးဖြတ်ချက်တွေကို ဒီနေ့မှာတွေ့ခဲ့ရပါတယ်၊ အနီကတ်တွေလည်း ပြဖို့မလိုခဲ့ပါဘူး" လို့ ပြောခဲ့ပါတယ်။
စပါးတို့ရရှိခဲ့တဲ့ဂိုးတွေမှာ ကွင်းလယ်ဒိုင်အန်သိုနီတေလာရဲ့ ဆုံးဖြတ်ချက်တွေနဲ့ပတ်သက်ပြီး တူချယ်လ်က မကျေမနပ်ဖြစ်ခဲ့ပါသေးတယ်။ "စပါးရတဲ့ နှစ်ဂိုးစလုံးက မပေးသင့်ပါဘူး၊ အနိုင်ရဖို့အတွက် တသင်းတည်းပဲ ထိုက်တန်ပြီး အဲဒါ ကျနော်တို့ပါ၊ နည်းစနစ်ပိုင်းအရ ဟိုးဘာ့ဂျ်နဲ့ ဘန်တန်ကာတို့ ဘယ်လောက်တောင်မှ ပြစ်ဒဏ်တွေလုပ်ခဲ့တောင် ကျနော်မသိတော့ဘူး၊ ဘောလုံးပွဲတွေမှာ ဘယ်တုန်းကစပြီး ဆံပင်ဆွဲလို့ရနေခဲ့တာလဲ"
"သူတို့တွေ ဒါကိုပြန်ကြည့်ခဲ့ပေမယ့် ဘာမှလည်းဖြစ်မလာခဲ့ဘူး၊ တကယ်ရယ်စရာပါ၊ ကျနော်တို့တသင်းလုံးအံ့အားသင့်ခဲ့ရပါတယ်၊ တကယ်ကို ဆိုးရွားတဲ့ဆုံးဖြတ်ချက်တွေပါ၊ ဒါပေမယ့် VAR ရှိတယ်လေ" လို့ ပြောသွားခဲ့ပါတယ်။ စပါးနည်းပြကွန်တီကတော့ ရန်ပွဲနဲ့ပတ်သက်ပြီး ထွေထွေထူးထူးမပြောခဲ့ဘဲ အနီကတ်ပြခံရတာကို လက်ခံကြောင်းနဲ့ ဘာတွေဖြစ်ခဲ့လဲဆိုတာကို ကွင်းလယ်ဒိုင်မသိခဲ့ဘူးလို့ ဆိုခဲ့ပါတယ်။