ကွန်တီနဲ့ပတ်သက်လို့ ဖာဘရီဂတ်စ်က စပါးကစားသမားတွေကို သတိပေးခဲ့တာပါ။

ချဲလ်ဆီးမှာ နည်းပြကွန်တီနဲ့အတူ လက်တွဲခဲ့ဖူးတဲ့ ဖာဘရီဂတ်စ်က လက်ရှိ ကွန်တီ ကိုင်တွယ်နေတဲ့ စပါးက ကစားသမားတွေကို သတိပေးစကားပြောကြားလိုက်ပါတယ်။ ကွန်တီဟာ မကြာခင်ကမှ စပါးနည်းပြ ရာထူးကို လက်ခံခဲ့တာဖြစ်ပြီး အသင်းကိုရောက်ရောက်ချင်းမှာတင် တင်းကျပ်တဲ့စည်းမျဥ်းတွေ၊ ပြင်းထန်တဲ့ လေ့ကျင့်ခန်း အစီအစဥ်တွေနဲ့ ကစားသမားတွေကို ကိုင်တွယ်နေတာပါ။



ဖာဘရီဂတ်စ်ဟာ ကွန်တီနဲ့အတူ ချဲလ်ဆီးမှာ (၂) နှစ်ကြာ လက်တွဲခဲ့ဖူးပြီး အဲ့ဒီကာလအတွင်း ပရီးမီးယားလိဂ်ဖလားနဲ့ FA ဖလား (၁) ကြိမ်စီ ဆွတ်ခူးနိုင်ခဲ့ပါတယ်။ အဲ့ဒါကြောင့်လည်း ဖာဘရီဂတ်စ်က ကွန်တီအကြောင်းကို ကောင်းကောင်းသိနေပြီး စပါးကစားသမားတွေကို အခုလိုပဲ သတိပေးခဲ့တာပါ။

ဖာဘရီဂတ်စ်က “ကျနော်ထင်ပါတယ်။ ခင်ဗျားတို့ ကွန်တီနဲ့သာဆိုရင် စစချင်းမှာ ငယ်ငယ်ကလို ကျောင်းသွားပြန်တက်နေရသလိုပါပဲ။ ကျနော်အတည်ပြောတာပါ။ သူက ဂိုးသမားကနေစပြီး ခင်ဗျားအထိ ဂိုးဘယ်လိုသွင်းရမယ်၊ ဘယ်လိုကစားရမယ်၊ ဘာလုပ်ရမယ်ဆိုတာ အရာရာတိုင်းကို အတိအကျပြောတာပါ”

“ဒါက ဘောလုံးနဲ့ပတ်သက်လို့ မတူညီတဲ့ နည်းလမ်းဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ အစပိုင်းတုန်းက ကျနော့်အတွက်လည်း ခက်ခဲခဲ့တာပေါ့။ အများကြီးပြေးလွှားရတယ်၊ ပိုပြီးခက်ခဲကြမ်းတမ်းခဲ့ပါတယ်။ ကြီးမားတဲ့လေ့ကျင့်ခန်းတွေ၊ နှစ်ခါပြန်အစီအစဥ်တွေ၊ Gym ဆော့ရတာတွေလည်း ပါ,ပါတယ်”

“ကျနော့်ဘဝမှာ ဂွါဒီယိုလာလိုမျိုး ဘောလုံးပိုင်ဆိုင်မှုအများကြီးလိုချင်တဲ့နည်းပြမျိုးနဲ့လည်း လက်တွဲခဲ့ဖူးပေမယ့် သူက ကွင်းထဲမှာတော့ ကျနော်တို့ကို လွတ်လပ်ခွင့်ပေးပါတယ်။ ကွန်တီကတော့ အဲ့ဒီလိုမဟုတ်ပါဘူး။ ကျနော် ဘယ်သူ့ဆီ ဘောလုံးပေးရမလဲဆိုတာအထိ လိုက်ပြောနေတာပါ”

“ကျနော့်အသက်လည်း (၂၉) နှစ်ရှိပြီဗျာ။ ဘောလုံးကစားတဲ့သက်တမ်းကလည်း (၁၃) နှစ်၊ ဗိုလ်လုပွဲတွေလည်း ကစားခဲ့ဖူးပြီး အောင်မြင်မှုတွေလည်း ရဖူးပါတယ်။ ဒါပေမယ့် ဒီလူကတော့ ကျနော် ဘယ်ကို ဘောလုံးပေးဖို့ လိုအပ်သလဲဆိုတာကို လိုက်ပြောနေတုန်းပါ” လို့ ပြောကြားသွားခဲ့တာပဲဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က