ပထမအကျော့အိမ်ကွင်းမှာ အင်တာမီလန်တို့ အရေးနိမ့်ထားတာပါ။

အင်တာမီလန်နည်းပြ အင်ဇာဂီက ဒီကနေ့ည လီဗာပူးအိမ်ကွင်း အန်ဖီးလ်မှာ ရင်ဆိုင်ရမယ့် ချန်ပီယံလိဂ်ရှုံးထွက် (၁၆) သင်းအဆင့် ဒုတိယအကျော့ပွဲစဥ်ကို ယုံကြည်မှုအပြည့်နဲ့ လာရောက် ရင်ဆိုင်မယ်လို့ ပွဲကြို သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။



ပထမအကျော့ အိမ်ကွင်းမှာတော့ အင်တာမီလန်တို့ ပုံစံကောင်းပြနိုင်ခဲ့ပေမယ့် လီဗာပူးကရလာတဲ့ အခွင့်အရေးတွေကို အပိုင်အသုံးချနိုင်ခဲ့တာကြောင့် အင်တာမီလန်တို့ နှစ်ဂိုးပြတ်နဲ့ အရေးနိမ့်ခဲ့ရပါတယ်။ ဒုတိယအကျော့အတွက် အင်တာမီလန်တို့ မျှော်လင့်ချက် သိပ်မရှိတော့ဘူးလို့လည်း ပရိသတ်တွေက ယူဆနေပါတယ်။

ဒါပေမယ့် အင်တာမီလန်နည်းပြ အင်ဇာဂီကတော့ “ပထမအကျော့မှာ ကျနော်တို့ ကောင်းကောင်း အပြစ်ပေးခံလိုက်ရပါတယ်။ အခုတော့ ကျနော်တို့က ဥရောပရဲ့ အကောင်းဆုံးအသင်းတွေထဲက တသင်းနဲ့ ပြန်လည်ရင်ဆိုင်ရမယ့်ပွဲရှိနေပါပြီ။ ဒါပေမယ့် ကျနော်တို့ အန်ဖီးလ်ကို အကောင်းဆုံးတိုက်ပွဲဝင်စိတ်ဓာတ်၊ စိတ်ဓာတ်တက်ကြွမှုအပြည့်နဲ့ သွားရောက် ရင်ဆိုင်မှာပါ”

“နောက်ပြီး ဒီပြိုင်ပွဲမှာ ဆက်ရှိနေဖို့ဆိုတဲ့ ပစ်မှတ်နဲ့ ကျနော်တို့ လီဗာပူးကို ရင်ဆိုင်ကစားမှာဖြစ်ပါတယ်။ ပထမပိုင်းမှာ တဂိုးရဖို့က မဖြစ်မနေကို အမှန်တကယ်လိုအပ်ပါတယ်။ ဒီပွဲက ခက်ခဲတဲ့ပွဲတပွဲဖြစ်လာမှာပါ။ ဒါပေမယ့် ကျနော်တို့ ပြင်ဆင်ချိန် သုံးရက်ရထားပါတယ်”

“ကစားသမားတွေကလည်း ဒီပွဲအပေါ် အကောင်းဆုံး အာရုံစိုက်ထားပါတယ်။ ကျနော်တို့ ရင်ဆိုင်ရမယ့် လီဗာပူးက ဘိုင်ယန်မြူးနစ်၊ မန်စီးတီးတို့လို ဥရောပရဲ့ အကောင်းဆုံး အသင်းတွေထဲက တသင်းဆိုတာ ကျနော်သိပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။

လီဗာပူးနည်းပြ ကလော့ပ်ကလည်း ဒီကနေ့ညပွဲစဥ်အတွက် ခံစစ်ကစားမှာ မဟုတ်ဘူးလို့ ပြောကြားထားတာကြောင့် နှစ်သင်းလုံးရဲ့ အကောင်းဆုံးကစားဟန်ကို ပရိသတ်တွေ မြင်တွေ့ရဖို့ မျှော်လင့်နေကြပြီဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က