မာလာဟင်းကြိုက်သူတွေအတွက် စားနေကြအရသာတွေကနေကွဲထွက်ပြီးရှမ်းမြောက်အရသာစစ်စစ်ကိုစားရမယ့်ကွတ်ခိုင်ဒေသခံတွေကိုယ်တိုင်ဖွင့်ထားတဲ့ မာလာသီးသန့်ရောင်းတဲ့ဆိုင်လေးတဆိုင်နဲ့မိတ်ဆက်ပေးချင်ပါတယ်။
တမူကွဲပြားပြီးစားကောင်းအရသာဆိုတာက
T family Mala kitchen ဆိုင်လေးကတော့ကွတ်ခိုင်ဒေသခံကချင်လူမျိုးတွေဖွင့်ထားတဲ့ရှမ်းမြောက်အရသာကချင်မာလာဟင်းဆိုင်လေးပါ။မိသားစုတနိုင်တပိုင်ဖွင့်ထားတဲ့အိမ်ဆိုင်လေးဆိုပေမယ့် အရသာကတော့ ကွတ်ခိုင်ရဲ့နာမည်ကြီးကချင်မာလာဟင်းအရသာကိုစားသုံးရမှာပါ။ကွတ်ခိုင်မြို့ရဲ့ နှစ်ပေါင်း(၂၀)ကျော်သက်တမ်းရှိတဲ့နာမည်ကြီးကချင်မာလာဟင်းဆိုင်ရဲ့အရသာအတိုင်းဒီအိမ်ဆိုင်လေးမှာရောင်းချတာဖြစ်ပါတယ်။မြေပဲအရသာစိမ့်စိမ့်လေးနဲ့ထုံထုံစပ်စပ်အရသာကဒီဆိုင်မှာသာစားရမယ့်အရသာမျိုးပါ။
" အန်တီရဲ့အမက ကွတ်ခိုင်မှာမာလာဟင်းဆိုင်ဖွင့်ရောင်းတာ အနှစ်၂၀လောက်ရှိပြီ။သူ့ဆိုင်မှာလုပ်ကူရင်းနဲ့အန်တီတို့လည်းလုပ်တက်နေကြတာပေါ့။အန်တီအမက မာလာအနှစ်လုပ်နည်းကို တရုတ်ပြည်မှာသင်လာတာ။သူရဲ့မာလာဟင်းအနှစ်အရသာကအန်တီတို့ဒေသမှာတောင် တခြားဆိုင်တွေနဲ့မတူဘူးလူကြိုက်များတယ်။အဓိကကတော့မြေပဲ၊နှမ်းစိမ့်စိမ့်လေးနဲ့ထုံထုံစပ်စပ်လေးဆိုတော့စားကောင်းတယ်။ငရုပ်သီးအရောင်တွေလဲအများကြီးမသုံးပဲ သဘာ၀အရောင်၊အရသာအတိုင်းလေးစားရမှာပါ"လို့ ဆိုင်ရှင်ဖြစ်သူ ဒေါ်ကိုင်ကပြောပါတယ်။
မာလာဟင်းမကြိုက်သူတွေတောင်ကြိုက်သွားတယ်
ဆိုင်ရဲ့အဓိကမာလာဟင်းအနှစ်ကို တရက်စာတစ်ရက်သာပြင်ဆင်ရောင်းချတာပါ။အနှစ်အတွက်သုံးတဲ့ပါဝင်ပစ္စည်းတွေကိုအိမ်မှာပဲကိုယ်တိုင်လုပ်တာြဖစ်ပါတယ်။အထုံအစပ်ကိုလည်းမျှတအောင်ထည့်လို့ မာလာဟင်းမကြိုက်သူတွေတောင် ဒီဆိုင်ကမာလာဟင်းစားပြီးရင်ကြိုက်သွားကြတယ်လို့ ဆိုင်ရှင်ကဂုဏ်ယူစွာပြောပါတယ်။
၃လအတွင်းလက်မလည်အောင်ရောင်းရတဲ့ဆိုင်လေးဖြစ်လာ
ဒီဆိုင်ကဖွင့်တာ၃လလောက်ပဲရှိသေးတဲ့ဆိုင်လေးပါ။ဆိုင်ဖွင့်စကတပွဲမှမရောင်းရပဲဖုန်းပွတ်ပြီးပြန်ခဲ့ရတဲ့ရက်တွေကိုဇွဲနဲ့ဖြတ်ကျော်ခဲ့တယ်လို့ဒေါ်ကိုင်ကဆိုပါတယ်။အခုတော့ ဆိုင်လာစားသူတွေ အော်ဒါမှာယူသူတွေနဲ့ လက်မလည်အောင်ရောင်ကောင်းတဲ့ဆိုင်လေးဖြစ်နေပါပြီ။
"စရောင်းတုန်းကတော့ ရောင်းမကောင်းခဲ့ဘူး။ဆိုင်လာတယ်ဖုန်းပွတ်ပြီးပြန်သွားရတဲ့ရက်တွေအများကြီးပဲတပွဲတလေစမ်းပြီးလာစားကြတဲ့သူတွေကကြိုက်သွားကြတယ်ထင်တယ်။ထပ်လာစားကြတယ်။နောက်ထပ်ပြန်ညွှန်းပေးကြတယ်။အဲ့လိုနဲ့လူသိများလာပြီးခုတော့လက်မလည်အောင်ရောင်းရတယ်လို့ ပြောလို့ရနေပြီ"ဆိုပြီးဒေါ်ကိုင်ကပြောပါတယ်။
လူကြိုက်ဘာလို့များ
လက်မလည်အောင်ရောင်းကောင်းတဲ့အထိ လူကြိုက်များလာရတဲ့အကြောင်းကတော့ ပါ၀င်ပစ္စည်းတိုင်းကိုကျန်းမာရေးနဲ့ညီဖို့ဂရုစိုက်ထားသလိုသက်သာတဲ့စျေးနှုန်းကြောင့်ဖြစ်ပါတယ်။ပဲဆီစစ်စစ်ကိုအသုံးပြုထားပြီးပဲပြားဆိုလည်းဖော်မလင်ကင်းကြောင်းအာမခံထားတဲ့ ပဲပြားတွေသာရွေးချယ်သုံးစွဲတယ်လို့ ဒေါ်ကိုင်ကပြောပါတယ်။
ဆိုင်မှာရနိုင်တဲ့မာလာဟင်းအမယ်တွေနဲ့ဈေးနှုန်း
မာလာဟင်း၊ကြက်ခြေထောက်မာလာ၊ အကင်လုံးမာလာ၊အရိုးလွတ်ကြက်ခြေထောက်မာလာ၊အာလူးမာလာ၊ကြက်တောင်ပံမာလာ၊မာလာငါးပေါင်းစတဲ့မာလာဟင်းသီးသန့်အမယ်(၇)မျိုးရပါတယ်။ အဆာပလာ(၁၅)မျိုးလောက်ပါတဲ့မာလာဟင်းတစ်ပွဲကို(၄၅၀၀)ပါ။ဆိုင်ရဲ့နာမည်ကြီး ကြက်ခြေထာက်မာလာက(၄၀၀၀)၊ငါးမာလာကအကြီးအသေးပေါ်မူတည်ပြီး၉၅၀၀-၁၂၀၀၀ကျပ်ပါ။
ဆိုင်လိပ်စာ
T Family Mala Kitchen ဆိုင်ရဲ့လိပ်စာကတော့ အမှတ်(၂၉၂)မြေညီထပ်၊ရန်ကင်းလမ်း၊လေးထောင့်ကန်ရပ်ကွက်၊သင်္ဃန်းကျွန်းမြို့နယ်မှာဖြစ်ပါတယ်။တနင်္ဂနွေနေ့တိုင်းဆိုင်ပိတ်ပါတယ်။ဆိုင်ဖွင့်ချိန်က မနက်၉နာရီကနေ ည၈နာရီအထိဖြစ်ပါတယ်။