ယခုနှစ် တစ်နှစ်တည်းမှာပင် ကွာရန်တင်းဝင်ခဲ့ရတဲ့ ရက်ပေါင်း ၁၅၀ နီးပါးရှိခဲ့တယ်လို့ ဆိုပါတယ်

ဟောင်ကောင်ဟာ ကမ္ဘာ့အကြီးဆုံး လေကြောင်းပျံသန်းမှု အချက်အချာနေရာထဲမှာ ပါဝင်သလို COVID-19 စည်းမျဥ်းများ အတင်းကျပ်ဆုံး သတ်မှတ်ဆောင်ရွက်နေတဲ့ ကမ္ဘာ့နေရာတစ်ခုလည်း ဖြစ်ပါတယ်။

အမြဲတမ်း ကွာရန်တင်းဝင်နေရတဲ့ အခြေအနေမျိုးပါပဲ


ဒီလို တင်းကျပ်တဲ့ ကပ်ရောဂါစည်းမျဥ်းတွေက သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို မည်သို့ သက်ရောက်မှုရှိနေကြောင်းနဲ့ ကိုယ်ရေးကိုယ်တာဘဝတွေကို ထိခိုက်စေကြောင်း လေယာဥ်မှူးနှစ်ဦးက BBC သတင်းဌာနကို ဖွင့်ဟခဲ့ကြပါတယ်။ "ခင်ဗျား အမြဲတမ်း ကွာရန်တင်းဝင်နေရတဲ့ အခြေအနေမျိုးပါပဲ" လို့ သူတို့က ဆိုပါတယ်။

(Penny's Bay ကွာရန်တင်းစင်တာ) (Photo: BBC)

ဟောင်ကောင်အခြေစိုက် Cathay Pacific လေကြောင်းလိုင်းမှ Pierre အမည်ရှိ လေယာဥ်မှူးဟာ ယခုနှစ် တစ်နှစ်တည်းမှာပင် ကွာရန်တင်းဝင်ခဲ့ရတဲ့ ရက်ပေါင်း ၁၅၀ နီးပါးရှိခဲ့တယ်လို့ ပြောပါတယ်။ လတ်တလော လများအတွင်း ဟောင်ကောင်မှာ ပြည်တွင်းကူးစက်မှု မရှိသလောက်ဖြစ်ပေမဲ့ တရုတ်ပြည်မကြီးရဲ့ ကိုဗစ် လုံးဝကင်းစင်ရေး မူဝါဒအတိုင်း COVID-19 စစ်ဆေးမှုခြင်းနဲ့ ကွာရန်တင်းနေထိုင်စေခြင်းတို့ကို ကျယ်ကျယ်ပြန့်ပြန့် သတ်မှတ်ဆောင်ရွက်နေပါတယ်။

လေယာဥ်အမှုထမ်းတွေက လေယာဥ်ပေါ်မှာပဲ ၂၅ နာရီအထက်၊ တစ်ခါတရံ နှောင့်နှေးမှုကြုံရရင် နာရီ ၃၀ နီးပါး နေကြရတယ်

လေယာဥ်မှူးတွေဟာလည်း ထိုတင်းကျပ်တဲ့ စည်းမျဥ်းတွေကနေ ကင်းလွတ်ခွင့်မရှိခဲ့ရာ သူတို့ရဲ့ အချိန်အများအပြားကို လုပ်ငန်းခွင်မှာ သို့မဟုတ် ကွာရန်တင်းစင်တာမှာ ကုန်လွန်နေခဲ့ကြရပါတယ်။ တင်းကျပ်တဲ့ ကိုဗစ်စည်းမျဥ်းတွေကို လေဆိပ်ကနေစပြီး ကြုံတွေ့ရတယ်လို့ ဆိုပါတယ်။ နိုင်ငံတကာမှ ဝင်ရောက်လာတဲ့ ခရီးသွားအားလုံးဟာ ဟောင်ကောင်လေဆိပ်မှာ COVID-19 စစ်ဆေးမှုခံယူရပြီး ကူးစက်မှု မတွေ့ရှိဘဲ negative အဖြေထွက်ပါကလည်း ကွာရန်တင်းဝင်ရပါတယ်။

(Penny's Bay ကွာရန်တင်းစင်တာက ပြင်ဆင်ပေးသည့် အစားအစာ) (Photo: BBC)

ဟောင်ကောင်လေဆိပ်ကို ရောက်ရှိလာသူတွေဟာ စစ်ဆေးပြီးနောက် နေ့တွင်းချင်း ရရှိလာမယ့် သူတို့ရဲ့ စစ်ဆေးမှုအဖြေကို စောင့်ဆိုင်းရန်လိုအပ်ပါတယ်။ COVID-19 စစ်ဆေးမှုအဖြေ ရရှိပြီးမှသာ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ လုပ်ငန်းစဥ်တွေကို ဆက်လက် လုပ်ဆောင်နိုင်တာလည်း ဖြစ်ပါတယ်။

ကိုဗစ်စစ်ဆေးမှုအဖြေ သိရဖို့အတွက် ပလတ်စတစ်ထိုင်ခုံတစ်လုံးပေါ်မှာ ထိုင်စောင့်ကြရပြီး အိပ်လို့မရကြဘူး

"လေယာဥ်အမှုထမ်းတွေက လေယာဥ်ပေါ်မှာပဲ ၂၅ နာရီအထက်၊ တစ်ခါတရံ နှောင့်နှေးမှုကြုံရရင် နာရီ ၃၀ နီးပါး နေကြရတယ်" လို့ နောက်ထပ် လေယာဥ်မှူးတစ်ဦးဖြစ်သူ Clark က ပြောပါတယ်။ "သူတို့က ကိုဗစ်စစ်ဆေးမှုအဖြေ သိရဖို့အတွက် ပလတ်စတစ်ထိုင်ခုံတစ်လုံးပေါ်မှာ ထိုင်စောင့်ကြရပြီး အိပ်လို့မရကြဘူး၊ ဒီလုပ်ငန်းစဥ်အားလုံးက လေယာဥ်ဆိုက်ချိန်ကနေ အိမ်ပြန်ရောက်ချိန်အထိဆို ၄ နာရီလောက်ကြာတယ်" လို့ သူက ဖွင့်ဟခဲ့ပါတယ်။

စစ်ဆေးမှုအဖြေက negative ဖြစ်ခဲ့ပါက အိမ်ပြန်နိုင်ပေမဲ့ လွတ်လွတ်လပ်လပ် သွားလာနိုင်ခြင်း မရှိပါဘူး။ ဟောင်ကောင်ကိုရောက်ပြီး ပထမ ၃ ရက်အတွင်း လေယာဥ်အမှုထမ်းတွေဟာ အိမ်မှာပဲနေကြရပါတယ်။ သူတို့ဟာ တစ်ရက်လျှင် အများဆုံး ၂ နာရီအထိပဲ ကိုဗစ်စစ်ဆေးရန်နဲ့ မဖြစ်မနေ သွားလာလှုပ်ရှားမှုတွေအတွက် အပြင်ထွက်ခွင့်ရှိတယ်လို့ ဆိုပါတယ်။

(Cathay Pacific လေယာဥ်) (Photo: Getty Images)

"ဒါက ဘယ်လိုမှ မျှတမှုရှိတယ်လို့ မထင်ဘူးဗျာ၊ လုံးဝ လက်မခံနိုင်စရာပါပဲ" လို့ Clark က ပြောပါတယ်။ လေယာဥ်မှူးတွေထံမှာ COVID-19 ကူးစက်ခံရကြောင်း စစ်ဆေးတွေ့ရှိတဲ့အခါ သို့မဟုတ် လေယာဥ်မှူး Pierre ကဲ့သို့ အနီးကပ် ထိတွေ့ခဲ့သူအဖြစ် သတ်မှတ်ခံတဲ့အခါ သူတို့ဟာ ဆေးရုံ သို့မဟုတ် ကွာရန်တင်းစင်တာသို့ ပို့ဆောင်ခံရပါတယ်။

လုပ်ငန်းစဥ်အားလုံးက လေယာဥ်ဆိုက်ချိန်ကနေ အိမ်ပြန်ရောက်ချိန်အထိဆို ၄ နာရီလောက်ကြာတယ်

ဟောင်ကောင်မှာ Penny's Bay စင်တာကဲသို့ ကွာရန်တင်းဝင်ရတဲ့နေရာဟာ နေထိုင်ရမှုအခြေအနေကြောင့် အငြင်းပွားစရာ ဖြစ်ခဲ့ပါတယ်။ Penny's Bay မှာ ကွာရန်တင်းဝင်ရခြင်းဟာ နေရောင်မမြင်ရတဲ့ အခန်းကျဥ်းတစ်ခုထဲမှာ တစ်ဦးတည်းချုပ်နှောင်ခံထားရခြင်းနဲ့တူကြောင်း ကိုယ်တိုင်ကြုံခဲ့ရသူ လေယာဥ်မှူး Penny က ဖွင့်ဟပြောခဲပါတယ်။

"ဘာအပင်မှတောင် မတွေ့ရဘူး၊ မြက်ပင်တစ်ပင်တောင်မှ မတွေ့ရဘူးဗျာ" လို့ သူကဆိုပါတယ်။ COVID-19 ကူးစက်မှုတွေ့ရသူရဲ့ မိသားစုတွေနဲ့ သူနဲ့ အနီးကပ်ထိတွေ့ခဲ့သူတွေဟာလည်း ကလေးတွေနဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေ အပါအဝင် မဖြစ်မနေ ကွာရန်တင်းဝင်ကြရပါတယ်။

(ကွာရန်တင်းဝင်သူ နေရသည့်အခန်းကျဥ်း) (Photo: BBC)

ဟောင်ကောင်ကိုရောက်လာတဲ့ နိုင်ငံခြားသား လေယာဥ်အမှုထမ်းတွေဟာလည်း အလားတူ တင်းကျပ်တဲ့ စည်းမျဥ်းတွေကို လိုက်နာရတယ်လို့ ဆိုပါတယ်။ လေယာဥ်မှူးတွေရဲ့ မကျေနပ်မှုတွေအပေါ် မှတ်ချက်ပေးရန် Cathay Pacific လေကြောင်းလိုင်းကို BBC က မေးမြန်းခဲ့ရာ ဟောင်ကောင်အစိုးရရဲ့ ကွာရန်တင်း စီမံဆောင်ရွက်မှုတွေကို ထောက်ခံအားပေးကြောင်း ထပ်မံပြောခဲ့ပါတယ်။

နွေဦးကာလထဲမှာ ကျွန်တော် အလုပ်ထွက်ဖို့ လုံးဝ သေချာသလောက်နီးပါးပဲ၊ အလုပ်မရှိသေးဘဲနဲ့ကို ဒီအတိုင်း အလုပ်ထွက်မှာပါ

"ကျွန်ုပ်တို့ရဲ့ ခရီးသည်တွေ၊ ဝန်ထမ်းတွေနဲ့ လူမှုအသိုင်းအဝိုင်း ဘေးကင်းမှုနဲ့ ကျန်းမာပျော်ရွှင်မှုက ကျွန်ုပ်တို့ရဲ့ ဦးစားပေးအဖြစ် ဆက်လက်ခံယူထားပါတယ်" လို့ လေကြောင်းလိုင်းက ဆိုပါတယ်။ လေယာဥ်အမှုထမ်းတွေကို ဟောင်ကောင်မှာနဲ့ ပြည်ပနေရာတွေမှာပါ ကပ်ရောဂါတိုက်ဖျက်ရေး စည်းမျဥ်းများအတိုင်း လိုက်နာကြရန် အရေးကြီးကြောင်း ပုံမှန် သတိပေးလေ့ရှိတယ်လို့လည်း Cathy Pacific လေကြောင်းလိုင်းက ပြောပါတယ်။

မည်သို့ဆိုစေ တင်းကျပ်တဲ့ COVID-19 စည်းမျဥ်းတွေကြောင့် အဆင်မပြေဖြစ်ကြရကြောင်း ဖွင့်ဟလာတဲ့ Pierre နဲ့ Clark တို့ကဲ့သို့ လေယာဥ်အမှုထမ်းတွေ နောက်ထပ် ရှိနေနိုင်ပါသေးတယ်။ "နွေဦးကာလထဲမှာ ကျွန်တော် အလုပ်ထွက်ဖို့ လုံးဝ သေချာသလောက်နီးပါးပဲ၊ အလုပ်မရှိသေးဘဲနဲ့ကို ဒီအတိုင်း အလုပ်ထွက်မှာပါ" လို့ လေယာဥ်မှူး Clark က ပြောပါတယ်။

(လေယာဥ်မှူးနှစ်ဦးရဲ့ အမည်တွေ ၎င်းတို့ မည်သူဖြစ်ကြောင်း မသိရှိနိုင်စေရန် ပြောင်းလဲဖော်ပြထားကြောင်း BBC က ပြောပါတယ်)

Share

Loading Next Article...
က္က