ကမ္ဘာ့ကပ်ရောဂါကာလအတွင်း မိသားစုအများအပြား တကွဲတပြားဖြစ်ခဲ့ကြရသလို ဩစတြေးလျနိုင်ငံမှ ဘင်ဂျက်ဆန်တစ်ယောက်လည်း သူချစ်ခင်တဲ့ မိသားစုဝင်ကို နောက်ဆုံး နှုတ်ဆက်ခွင့်မရခဲ့ရှာပါဘူး။
ကင်ဆာရောဂါကို နှစ်နှစ်ကြာ တွန်းလှန်နေခဲ့ရတဲ့ Queensland ပြည်နယ်မှ အဒေါ်ဖြစ်သူ Debby ကွယ်လွန်သွားစဥ် ဩစတြေးလျလယ်သမား ဂျက်ဆန်ဟာ ၂၄၈ မိုင် ဝေးကွာတဲ့ New South Wales မှာ ရှိနေခဲ့ပါတယ်။ COVID-19 ကန့်သတ်ချက်တွေကြောင့် ဂျက်ဆန်ဟာ သူ့အဒေါ်ရဲ့ဈာပနကိုတက်ဖို့ ဘရစ္စဘိန်းမြို့ကို မသွားနိုင်ခဲ့ပါဘူး။
ဒါကြောင့်ပဲ ဂျက်ဆန်က သူ့ရဲ့ သိုးအုပ်စုနဲ့ စားကျက်မြေကို အသုံးပြုပြီး သူ့ရဲ့ချစ်ခြင်းမေတ္တာကို ပြသဖို့ စိတ်ကူးဖြစ်ခဲ့ပါတယ်။ ဂျက်ဆန်က စားကျက်မြေမှာ အသဲပုံဖော်ကာ အစေ့အဆန် အစားအစာတွေထည့်ပြီး သိုးအုပ်စုကို စားကျက်မြေထဲ လွှတ်ပေးလိုက်ခြင်းဖြင့် အသဲပုံထဲမှာ သိုးတွေပြည့်သွားစေရန် စီစဥ်ခဲ့ပါတယ်။
သူစီစဥ်ထားတဲ့အတိုင်း သိုးတွေနဲ့ အသဲပုံဖော်ရန် အကြိမ်အနည်းငယ် မအောင်မြင်ဖြစ်ခဲ့ပြီးနောက်မှာတော့ ဂျက်ဆန်ရဲ့စိတ်ကူးဟာ အောင်မြင်ခဲ့ပါတယ်။ ဂျက်ဆန်က စားကျက်မြေထဲမှာ သိုးအုပ်စုနဲ့ အသဲပုံဖော်ထားတာကို ဒရုန်းဖြင့် ဗီဒီယိုရိုက်ကူးပြီး အွန်လိုင်းမှာ မျှဝေခဲ့ရာ များစွာ ပျံ့နှံ့သွားခဲ့ပါတယ်။
(ကွယ်လွန်သူအဒေါ်ကို နှုတ်ဆက်တဲ့အနေဖြင့် သိုးအုပ်စုနဲ့ အသဲပုံဖော်ထားစဥ်) (Photo: BBC)
"အဲဒီကိုရောက်နိုင်ဖို့ နည်းလမ်းမရှိခဲ့ဘဲ အဒေါ်ကို နှုတ်ဆက်ဖို့ ဒါမှမဟုတ် သူ့ဈာပနကိုတက်ဖို့ မဖြစ်နိုင်ခဲ့ဘူးဗျာ" လို့ ဂျက်ဆန်က ပြောပါတယ်။ "ဒါနဲ့ ကျွန်တော် မျှော်လင့်ချက်မရှိ၊ အကူအညီမဲ့သလို ခံစားခဲ့ရတယ်။ ကျွန်တော် အမှန်တကယ် ဘာလုပ်ရမှန်း မသိခဲ့ဘူး၊ နောက်တော့ ဒီစားကျက်မြေထဲမှာ ကြီးမားတဲ့ အသဲပုံဖော်ပြီး အဲဒီထဲမှာ သိုးတွေအတွက် အစာထည့်ထားပေးလိုက်ရင် သူတို့ကို လွှတ်ပေးလိုက်တဲ့အခါ အသဲပုံစံခွက်အတိုင်း အစာစားဖို့သွားကြမယ်လို့ စိတ်ကူးရပြီး ဒီလိုလုပ်ဖို့ ဆုံးဖြတ်ခဲ့တာပါ" လို့ ဂျက်ဆန်က ဖွင့်ဟခဲ့ပါတယ်။ ဂျက်ဆန်က သိုးအုပ်စုနဲ့ အသဲပုံဖော်ထားတဲ့ ဗီဒီယိုကို တနင်္လာနေ့ (ဩဂုတ် ၂၃ ရက်) အဒေါ့်ရဲ့ဈာပနမတိုင်မီ ဆွေမျိုးများထံသို့ ပေးပို့ခဲ့ပါတယ်။