ဟာရီကိန်းကိုခေါ်ယူဖို့ မန်စီးတီးတို့ မျက်စပစ်နေဆဲဖြစ်ပါတယ်။

မန်စီးတီးဟာ လာမယ့်ဆောင်းရာသီ အပြောင်းအရွှေ့မှာ စပါးတိုက်စစ်မှူး ဟာရီကိန်းအတွက် ထပ်မံကြိုးစားလာမယ်လို့ သတင်းတွေကဖော်ပြနေပါတယ်။ မန်စီးတီးဟာ ဟာရီကိန်းကိုခေါ်ယူဖို့ ပြီးခဲ့တဲ့နွေရာသီတည်းက အသည်းအသန်ကြိုးစားခဲ့တာပါ။



ဟာရီကိန်းကိုယ်တိုင်က မန်စီးတီးကို ပြောင်းရွှေ့ချင်ခဲ့သလို မန်စီးတီးကလည်း စပါးတောင်းဆိုတဲ့ ပြောင်းရွှေ့ကြေးကို လိုက်လျောပေးဖို့ ပြင်ဆင်ခဲ့ပေမယ့် စပါးဥက္ကဌ လီဗိုင်းကတော့ ဟာရီကိန်းကို ရောင်းချဖို့ ငြင်းဆန်ခဲ့ပါတယ်။ အဲ့ဒါကြောင့်လည်း ဟာရီကိန်းကိုယ်တိုင်က သူ့ရဲ့ဆုံးဖြတ်ချက်ကို ပြင်ဆင်ပြီး လန်ဒန်မှာပဲ ဆက်ရှိနေခဲ့တာပါ။

ဟာရီကိန်းဟာ အထုတ်ခံခဲ့ရတဲ့ စပါးနည်းပြဟောင်း နူနိုဆန်တိုလက်ထက်မှာ ဘာအောင်မြင်မှုမှ ရမှာမဟုတ်ဘူးလို့ ယုံကြည်ခဲ့တာကြောင့် အသင်းပြောင်းဖို့ ပြင်ဆင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိအချိန်မှာတော့ စပါးက နည်းပြအပြောင်းအလဲဖြစ်ခဲ့ပြီး ကွန်တီရောက်ရှိလာတာကြောင့် ဟာရီကိန်းအနေနဲ့ အသင်းမှာဆက်နေပြီး ဆုဖလားအောင်မြင်မှုတွေကို ပစ်မှတ်ထားဖို့ စီစဥ်နေတယ်လို့ သတင်းတွေထွက်ခဲ့ပါသေးတယ်။

ဒါပေမယ့်လည်း ဗဟိုတိုက်စစ်မှူးတစ်ယောက် မဖြစ်မနေလိုအပ်နေတဲ့ မန်စီးတီးကတော့ ဟာရီကိန်းကိုခေါ်ဖို့ လွယ်လွယ်နဲ့ လက်လျှော့ဖွယ်မရှိပါဘူး။ မန်စီးတီးအနေနဲ့ လာမယ့်ဆောင်းရာသီမှာ ဟာရီကိန်းအတွက် ပြောင်းရွှေ့ကြေးပေါင်သန်း (၁၅၀) အောက်နဲ့ ခေါ်ယူနိုင်ဖို့ စမ်းသပ်ကမ်းလှမ်းလာမယ်လို့ သိရပါတယ်။

အသင်းဥက္ကဌ လီဗိုင်းအတွက် ဟာရီကိန်းက အထိမခံတဲ့ ကစားသမားလို့တောင်ဆိုနိုင်ပြီး လက်ရှိနည်းပြကွန်တီလက်ထက်မှာလည်း ဟာရီကိန်းနဲ့ဆွန်ဟောင်မင်အတွဲက ပြီးခဲ့တဲ့ရာသီ အင်တာမီလန်က လူကာကူနဲ့လော်တာရိုမာတီနက်ဇ်အတွဲလို ခြေစွမ်းပြနိုင်မယ်လို့ မျှော်လင့်နေသူတွေရှိပါတယ်။

ကွန်တီကိုယ်တိုင်ကလည်း ဟာရီကိန်းကို အသင်းမှာဆက်နေဖို့ စည်းရုံးသိမ်းသွင်းဖို့ရှိနေပြီး လာမယ့်ဆောင်းရာသီအပြောင်းအရွှေ့မှာ ဟာရီကိန်းအတွက် မန်စီးတီးနဲ့စပါး၊ နည်းပြကွန်တီတို့ အားပြိုင်လာဦးမှာပါ။ မန်စီးတီးအနေနဲ့ကတော့ လာမယ့်ဆောင်းရာသီက အလုပ်များတဲ့ အချိန်ကာလဖြစ်လာဖို့ရှိပြီး ဟာရီကိန်းအပြင် ဒေါ့မွန်တိုက်စစ်မှူး ဟာလန်းအတွက်လည်း ကစားသမားရဲ့အေးဂျင့် ရွိုင်အိုလာနဲ့ ဆွေးနွေးသွားဖို့ရှိတယ်လို့ သတင်းတွေကဖော်ပြထားပြီးဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က