လာဇီယိုနည်းပြ ဆာရီဟာ မနေ့ညက ယှဥ်ပြိုင် ကစားခဲ့တဲ့ လာဇီယိုနဲ့အူဒီနီးစ်တို့ရဲ့ ကိုပါအီတလီယာပွဲစဥ်မှာ ကွင်းဘေးမှာ အသင်းကိုကြီးကြပ်နေရင်း မတော်တဆမှုတခုဖြစ်ခဲ့ပါတယ်။ အဲ့ဒီဖြစ်ရပ်ကြောင့် ဆာရီတယောက် မျက်မှန်ပါကျွတ်ထွက်ပြီး မြေပြင်ပေါ်လဲကျခဲ့ကာ ဒဏ်ရာကြီးကြီးမားမားမရခဲ့တာပဲ ကံကောင်းခဲ့ပါတယ်။
လာဇီယို ကစားသမား လာဇာရီနဲ့ အူဒီနီးစ် ကစားသမား ပက်ဆက်တိုတို့ နှစ်ယောက် ဘေးစည်းမှာ ယှဥ်ပြေးရင်း ဘောလုံးလုခဲ့ရာမှာတော့ ဆာရီရဲ့ ကစားသမား လာဇာရီ ဘောလုံးရသွားခဲ့ပေမယ့် ပက်ဆက်တိုကတော့ ဆာရီကို တိုက်မိပြီး နှစ်ယောက်လုံး ကွင်းဘေးမှာ လဲကျသွားခဲ့တာပါ။ ဆာရီလဲကျသွားပုံက တော်တော်လေး စိုးရိမ်စရာကောင်းပြီး ဆိုးရွားတဲ့ ဒဏ်ရာတခုခု ရသွားနိုင်ခြေရှိပါတယ်။
ဒါပေမယ့် ကံကောင်းထောက်မစွာနဲ့ပဲ ဆာရီတယောက် ဘာမှကြီးကြီးမားမား ထိခိုက်မိခဲ့တာမရှိဘဲ လဲကျသွားရာကနေ ပြန်ထလာတဲ့နောက်မှာ ပရိသတ်တွေဘက်ကို လှည့်ပြီး သူ့မျက်မှန်ကို မြောက်ပြခဲ့ပါတယ်။ ဆာရီကတော့ ဒီဖြစ်ရပ်ကို ဟာသအနေနဲ့သာ သဘောထားခဲ့ပြီး ပွဲအပြီးမှာလည်း ပက်ဆက်တိုက လာရောက်တောင်းပန်တာကိုလည်း ဆာရီတယောက် ကြည်ကြည်ဖြူဖြူ လက်ခံခဲ့ပါတယ်။
ဒီပွဲမှာ သာမန်ပွဲကစားချိန်အတွင်း ဂိုးမရှိသရေကျနေတာကြောင့် အချိန်ပို ကစားခဲ့ရပြီး အချိန်ပို (၁၀၆) မိနစ်မှာတော့ အီမိုဘီလီက လာဇီယိုအတွက် တလုံးတည်းသော အနိုင်ဂိုးကို သွင်းယူပေးကာ ကိုပါအီတလီယာ ဖလား ကွာတားဖိုင်နယ်ကို တက်ရောက်ခဲ့ပါတယ်။ ပွဲချိန်အတွင်း ဖြစ်ရပ်နဲ့ပတ်သက်လို့လည်း ဆာရီက “အဲ့ဒီဖြစ်ရပ်က ကျနော့်ရဲ့ လက်ရှိ အနေအထားကို စစ်ဆေးလိုက်တာပဲဗျ”
“အဲ့ဒီအချိန်မှာ အရင်ဆုံးပြန်ထခဲ့တာက ကျနော်ပဲလေ။ ကျနော် ဒါကိုပဲ ရည်ညွှန်းချင်ပါတယ်” လို့ ဟာသလုပ်ပြောကြားခဲ့ပါတယ်။ ဆာရီဟာ ချဲလ်ဆီး၊ ဂျူဗင်တပ်စ်တို့လို အသင်းကြီးတွေကို ကိုင်တွယ်ခဲ့ဖူးပြီး ပြီးခဲ့တဲ့ ဇွန်ကစလို့ လာဇီယိုကို စတင်ကိုင်တွယ်ခဲ့တာဖြစ်ပါတယ်။