လီဂူးဝမ်းကလပ်အသင်းဖြစ်တဲ့ ရင်းမ်စ်ဟာ ၎င်းတို့ရဲ့ အသက် ၃၀ အရွယ် အင်္ဂလိပ်လူမျိုးနည်းပြ ဝီလ် စတေလ် တာဝန်ယူကိုင်တွယ်တဲ့ပွဲစဉ်တိုင်းမှာ ဒဏ်ငွေချမှတ်ခံနေရပါတယ်။
ရင်းမ်စ်အသင်းဟာ တနင်္ဂနွေနေ့က လက်ရှိ လီဂူးဝမ်းချန်ပီယံတွေနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်မှာ အဝေးကွင်းမှာ ကြီးမားတဲ့ရလဒ် ရရှိခဲ့တာဖြစ်ပြီး ပီအက်စ်ဂျီအသင်းကို နာကျင်အချိန်ပိုမှာ နောက်ကျချေပဂိုး သွင်းယူပြီး အဖိုးတန် သရေ ၁ မှတ် ရယူနိုင်ခဲ့တာဖြစ်ပါတယ်။ နေမာဟာ ခရစ္စတိုဖီ ဂယ်တီယာရဲ့အသင်းအတွက် ဒုတိယပိုင်း ၅၁ မိနစ်မှာ ဂိုးသမားကို လှည့်ထွက်ပြီး ဦးဆောင်ဂိုး သွင်းယူပေးနိုင်ခဲ့ပေမယ့်လည်း နောက်ထပ် ၃ မိနစ်အကြာမှာ ဗာရက်တီ အနီကတ်နဲ့ ထုတ်ပယ်ခြင်း ခံခဲ့ရတာဖြစ်ပါတယ်။
မယုံနိုင်စရာကောင်းလောက်အောင်ပဲ ၉၆ မိနစ်မှာ အာဆင်နယ်ကနေ အငှားနဲ့ လာကစားနေတဲ့ ဖိုလာရင် ဘာလိုဂန်က ပီအက်စ်ဂျီဂိုးသမား ဒွန်နာရမ်းမားကို လှည့်ထွက်ပြီး နောက်ကျချေပဂိုးကို အံ့အားသင့်ဖွယ် သွင်းယူသွားခဲ့တာ ဖြစ်ပါတယ်။ ရင်းမ်စ်အသင်းနည်းပြဟာ ၎င်းရဲ့အသင်းဟာ လီယွန်နယ် မက်ဆီ၊ နေမာ၊ ခီလီယန် အမ်ဘာပေတို့လို စူပါစတားကစားသမားတွေပါဝင်တဲ့အသင်းကို သရေရအောင် ကစားနိုင်ခဲ့တာမြင်တွေ့ခဲ့ရပြီးနောက် ကွင်းဘေးစည်းမှာ စိတ်မထိန်းနိုင်ဘဲ အားပါးတရ အောင်ပွဲခံပစ်ခဲ့တာဖြစ်ပါတ်ယ။
Myerscough ကောလိပ်မှာ ပညာသင်နေရင်း ပရက်စ်တန် နော့သ်အမ်းယူ-၁၄ အသင်းကို ကစားသမားနည်းပြအဖြစ် စတင်ခဲ့တဲ့ ဥရောပရဲ့အသက်အငယ်ဆုံးနည်းပြအတွက်တော့ ပီအက်စ်ဂျီလို အသင်းမျိုးကို သရေရလဒ်ထွက်ပေါ်အောင် ကစားနိုင်ခဲ့တာက ကြီးမားတဲ့အောင်မြင်မှုဖြစ်ခဲ့တာ ဖြစ်ပါတယ်။ ဝီလ် စတေလ်ဟာ ၁၉၉၂ ခုနှစ် ဘယ်လ်ဂျီယမ် နိုင်ငံမှာ အင်္ဂလိပ်လူမျိုးမိဘ ၂ ပါးကနေ မွေးဖွားခဲ့ဖြစ်ပြီး ဘယ်လ်ဂျီယမ်မှာ အသင်း ၃ သင်းကို လက်ထောက်နည်းပြအဖြစ် တာဝန်ယူကိုင်တွယ်ခဲ့ဖူးတာ ဖြစ်ပါတယ်။
ဝီလ် စတေလ်ဟာ ၂၀၂၂ ခုနှစ် အောက်တိုဘာလမှာ အော်စကာ ဂါစီယာ နည်းပြရာထူးကနေ ထုတ်ပယ်ခြင်းခံခဲ့ရချိန်မှာ ယာယီနည်းပြဖြစ်လာခဲ့ပြီး ၅ ပွဲအထိ ရှုံးပွဲမရှိစံချိန် ရရှိအောင် အထင်ကြီးဖွယ်နည်းပြပေးနိုင်ခဲ့ပြီးနောက် အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်ခြင်း ခံခဲ့ရတာဖြစ်ပါတယ်။ ရင်းမ်စ်အသင်းဟာ ၁၂ ပွဲအထိ ရှုံးပွဲမရှိဘဲ အမှတ်ပေးဇယားအဆင့် ၁၁ နေရာ ရပ်တည်နေပေမယ့်လည်း ထူးထူးခြားခြား အသင်းက ကစားတဲ့ပွဲစဉ်တိုင်းကို ပေါင် ၂၂၀၀၀ ဒဏ်ငွေတပ်ရိုက်ခြင်း ခံနေခဲ့ရတာ ဖြစ်ပါတယ်။
အဲဒါဟာ ဝီလ် စတေလ်ဟာ လီဂူးဝမ်းကလပ်အသင်းတစ်သင်းကို တာဝန်ယူကိုင်တွယ်နိုင်ဖို့အတွက် လိုအပ်တဲ့ ယူအီးအက်ဖ်အေပရိုလိုင်စင်ကို ရရှိခြင်းမရှိသေးတာကြောင့်ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ရင်းမ်စ်အသင်းဟာ ဝီလ် စတေလ်ကို ယုံကြည်မှုရှိပြီး ဥရောပရဲ့အသက်အငယ်ဆုံးကစားသမား တည်ဆောက်နေတဲ့အရာအပေါ်မှာ ယုံကြည်မှုရှိတဲ့အတွက် ငွေကြေးပိုင်းအရ ပြစ်ဒဏ်ချမှတ်မှုတွေကို ပျော်ပျော်ကြီး လက်ခံနေတာဖြစ်ပါတယ်။