ရော်နယ်ဒိုကတော့ မနေ့ညက ကစားခဲ့တဲ့ အယ်လ်တာဝမ်နဲ့ပွဲမှာ အယ်လ်နာဆာအတွက် ၂ ကြိမ်ဖန်တီးပေးခဲ့ပြီး ခြေစွမ်းပြခဲ့ပြန်ပါပြီ။ ၂-၁ နဲ့ အယ်လ်နာဆာက အနိုင်ရရှိခဲ့ပြီး ရော်နယ်ဒိုက ဂိုးမသွင်းနိုင်ခဲ့ပေမယ့် နှစ်ဂိုးစလုံးကို ဖန်တီးပေးခဲ့ပြီး သူ့ကြောင့်ပဲ အသင်းက နိုင်ပွဲရခဲ့တာလို့ ပြောရမှာပါ။ အခု အယ်လ်နာဆာက အမှတ်ပေးဇယားထိပ်ဆုံးကို ရောက်ရှိခဲ့ပါပြီ။
အယ်လ်နာဆာအတွက် ပထမဂိုးကို သူ ဖန်တီးပေးခဲ့ပုံကလည်း တကယ်လှပပါတယ်။ အသင်းဖော်ရဲ့ ပြေးလမ်းကြောင်းထဲကို မြေလိမ့်ဘောကန်ပေးခဲ့တာဖြစ်ပြီး ပြိုင်ဘက်ကစားသမားနဲ့အပြိုင်ပြေးပြီး အသင်းဖော်က လုယူနိုင်ခဲ့ကာ ကန်သွင်းသွားခဲ့တာပါ။ ဒုတိယဂိုးကတော့ ပိုအရေးပါပါတယ်။ ၁-၁ ဖြစ်နေပြီး ပွဲကစားချိန်ကလည်း ၇၈ မိနစ်ဖြစ်နေချိန်မှာ သူက ဖန်တီးပေးခဲ့လို့ပါ။
သူ့ရဲ့ ပထမတကြိမ်ဖန်တီးမှုကတော့ မသိရင် ကွင်းလယ်ဖန်တီးရှင်တဦးအလားပါပဲ။ အယ်လ်နာဆာကွင်းဘက်ခြမ်းရဲ့ ကွင်းလယ်စက်ဝိုင်းနားမှာ ဘောလုံးရလာခဲ့ပြီးနောက် ရော်နယ်ဒိုက ဘယ်ခြမ်းကနေ ပြေးတက်လာတဲ့ အသင်းဖော်ဆီကို လှလှပပဝေ့ဝိုက်ပြီး အနိမ့်ဘောပေးခဲ့တာပါ။
ရော်နယ်ဒိုက အခု အယ်လ်နာဆာနဲ့အတူ ဆော်ဒီအမှတ်ပေးပွဲတွေမှာ ရှုံးပွဲမရှိသေးပါဘူး။ သွင်းဂိုးလေးဂိုးနဲ့ ဖန်တီးမှု ၂ ကြိမ်လုပ်ပေးထားပြီး တပွဲထက်တပွဲ ပိုခြေစွမ်းပြလာပါတယ်။ ပွဲချိန်အပြည့် ကစားပေးနေရပြီး ဒါက သူလိုချင်တဲ့ အနေအထားလည်းဖြစ်လို့ ပွဲကစားရတဲ့အပေါ်မှာ တော်တော်လေးကျေနပ်နေပြီး ဒါကပဲ သူ့ကို ပိုပြီးခြေစွမ်းပြနိုင်အောင် လုပ်ပေးနေသလိုပါပဲ။
အယ်လ်နာဆာရခဲ့တဲ့ အနိုင်ဂိုးမှာတော့ အသင်းဖော်ရဲ့ ကန်ချက်ကို သူက ထိန်းခဲ့ရာမှာ ဘောလုံးကို နောက်ပေါက်နဲ့ချပေးသလိုဖြစ်နေပြီး သူ့အနားမှာရှိနေတဲ့ အသင်းဖော်က အပိုင်ကန်သွင်းခဲ့တာပါ။ ရော်နယ်ဒိုလူကျွံနေတယ်ဆိုပြီး စည်းကြပ်ဒိုင်က အလံထောင်ပြခဲ့ပေမယ့် VAR ပြန်ကြည့်ချိန်မှာတော့ လူမကျွံခဲ့တာကြောင့် အယ်လ်နာဆာတို့ အနိုင်ဂိုးကို ရရှိသွားခဲ့တာလည်းဖြစ်ပါတယ်။