အာဆင်နယ် အောင်ပွဲခံချိန်မှာဖြစ်ပွားခဲ့တာပါ။

မနေ့ညက ကစားခဲ့တဲ့ အာဆင်နယ်နဲ့ဖူလ်ဟမ်တို့ရဲ့ ပရီးမီးယားလိဂ်ပွဲမှာ အာဆင်နယ်က ဖူလ်ဟမ်ကို ၂-၁ ဂိုးနဲ့ အနိုင်ရရှိပြီး ရာနှုန်းပြည့်နိုင်ပွဲဆက်စံချိန်ကို ဆက်လက်ထိန်းသိမ်းခဲ့ပါတယ်။ အမ်းမရိတ်စ်မှာ အာဆင်နယ်တို့ လွယ်လွယ်ကူကူနဲ့ အနိုင်ရရှိခဲ့တာတော့ မဟုတ်ပါဘူး။



ပထမပိုင်းမှာ ဂိုးမရှိသရေကျခဲ့တဲ့အပြင် ဒုတိယပိုင်းမှာလည်း မီထရိုဗစ်ရဲ့ ဦးဆောင်ဂိုးကြောင့် နောက်ကနေ လိုက်ကစားခဲ့ရတာပါ။ အာဆင်နယ်အတွက် ချေပဂိုးကိုတော့ အသင်းခေါင်းဆောင် အိုဒီဂတ်က သွင်းယူပေးခဲ့ပါတယ်။ အဲ့ဒီနောက် အနိုင်ဂိုးကိုတော့ နောက်ခံလူ ဂါဘရီရယ်က သွင်းယူပေးခဲ့တာပါ။

ဂါဘရီရယ်ဟာ အာဆင်နယ်တို့ ပေးလိုက်ရတဲ့ ဦးဆောင်ဂိုးအတွက် အဓိကတရားခံဖြစ်ခဲ့ပြီး သူ့အမှားကို အခုလိုပဲ အနိုင်ဂိုးနဲ့ ပြန်လည်ချေဖျက်နိုင်ခဲ့တာဖြစ်ပါတယ်။ ဂါဘရီရယ်ရဲ့ နောက်ကျအနိုင်ဂိုးကြောင့် အာဆင်နယ်ကစားသမားတွေ အသည်းအသန် အောင်ပွဲခံခဲ့ပြီး ဇင်ချန်ကိုကလည်း ဒီအောင်ပွဲခံမှုမှာ အားကြိုးမာန်တက်ပါဝင်ခဲ့ပါတယ်။



ဒီပွဲမှာ ဒူးဒဏ်ရာကြောင့် ပါဝင်ကစားနိုင်ခဲ့ခြင်းမရှိတဲ့ ဇင်ချန်ကိုဟာ အာဆင်နယ်လေ့ကျင့်ရေးကွင်းက ဂျာစီအနက်နဲ့ ဘောင်းဘီအမဲတို့ကို ဝတ်ဆင်ထားပြီး အောင်ပွဲခံတဲ့နေရာမှာ ကွင်းထဲအထိ ဝင်ရောက်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒါကြောင့်လည်း အာဆင်နယ်ကွင်းလုံခြုံရေးအမျိုးသမီးဝန်ထမ်းတဦးက ဇင်ချန်ကို,ကို ပရိသတ်အနေနဲ့ အထင်မှားပြီး ဆွဲထုတ်ဖို့ ပြင်ဆင်ခဲ့ပါတယ်။

ဒါပေမယ့် သူ ဒီလိုမျိုး ဆွဲထုတ်ဖို့ မကြိုးစားခင်မှာပဲ တစုံတယောက်က သူ့ကို သတိလှမ်းပေးလိုက်ဟန်ရှိပြီး အဆိုပါ လုံခြုံရေးကလည်း နောက်ပြန်ဆုတ်ပေးသွားခဲ့ပါတယ်။ အာဆင်နယ်ပရိသတ်တွေကတော့ ဇင်ချန်ကိုရဲ့အဖြစ်ကို သဘောကျနေပြီး အသင်းနဲ့ပတ်သက်လို့ သူ့ရဲ့စိတ်အားထက်သန်မှုကို ချီးကျူးနေကြပါတယ်။ အာဆင်နယ်ဟာ ပရီးမီးယားလိဂ်မှာ (၄) ပွဲကစားပြီး ရာနှုန်းပြည့်နိုင်ပွဲရထားတဲ့တသင်းတည်းသော အသင်းအဖြစ် အမှတ်ပေးဇယားကို ဦးဆောင်လျက်ရှိပါတယ်။ 

Share

Loading Next Article...
က္က