မနေ့ညက အဲရစ်ဘာယီရဲ့ဖျက်ထုတ်မှုတွေကို ပရိသတ်တွေက စပိုက်ဒါမန်းနဲ့ ခိုင်းနှိုင်းနေကြတာပါ။

မနေ့ညက ကစားခဲ့တဲ့ ယန်းဘွိုင်းစ်နဲ့ တဖက်တဂိုးစီသရေကျခဲ့တဲ့ပွဲမှာ ယူနိုက်တက်က အရံကစားသမားအများစုနဲ့ လူငယ်ကစားသမားတွေကို ပေါင်းစပ်ပွဲထုတ်ခဲ့ပါတယ်။ ဒီပွဲမတိုင်ခင် ဗီလာရီးရဲယ်ကို အဝေးကွင်းမှာ အနိုင်ယူပြီးတည်းက ယူနိုက်တက်တို့ ရှုံးထွက် (၁၆) သင်းအဆင့်အတွက် သေချာသွားခဲ့တာပါ။



အဲ့ဒါကြောင့်လည်း နည်းပြရန်းနစ်ဂ်က အသင်းကို အများအပြား အပြောင်းအလဲလုပ်ခဲ့ပြီး နောက်တန်းမှာလည်း ဗဟိုနောက်ခံလူအဖြစ် အဲရစ်ဘာယီတယောက်တည်းကို အသုံးပြုခဲ့ကာ ကွင်းလယ်လူ မာတစ်က ဗဟိုနောက်ခံလူနေရာ ဆင်းကစားခဲ့ရပါတယ်။

များသောအားဖြင့် မက်ဂွိုင်းရား၊ ဗာရန်း၊ လင်ဒီလော့ဖ်တို့ရဲ့နောက် အရံခုံမှာသာ ထိုင်နေရတဲ့ အဲရစ်ဘာယီအတွက် ပွဲကစားခွင့်ရခဲ့တာ ကျေနပ်စရာဖြစ်ပြီး ဒီပွဲမှာ ပြသခဲ့တဲ့ သူ့ရဲ့ ထူးထူးဆန်းဆန်း ပြကွက်တွေကလည်း ပရိသတ်တွေကို ကြည်နူးပျော်ရွှင်စေခဲ့ရပါတယ်။

ဒီပွဲမှာ အဲရစ်ဘာယီက ပြိုင်ဘက်ရဲ့ ထိုးဖောက်မှုတွေကို တားဆီးဖို့ ကြိုးစားတဲ့နေရာမှာ စပိုက်ဒါမန်းအကွက်တွေ ထုတ်သုံးခဲ့တာပါ။ အဲရစ်ဘာယီရဲ့ ဒီဟန့်တားမှု (၂) ကြိမ်လုံးမှာ သူ့ရဲ့ ခန္ဓာကိုယ်ကို (၃၆၀) ဒီဂရီ လည်ပတ်ကာ ဖျက်ထုတ်ခဲ့တာဖြစ်ပါတယ်။

အဲ့ဒါကြောင့်လည်း ပရိသတ်တွေကတော့ စပိုက်ဒါမန်းဇာတ်ကောင်နေရာအတွက် ပြိုင်ဆိုင်မယ့် သရုပ်ဆောင်ထပ်တိုးလာပြီလို့ ပွဲအပြီး ဆိုရှယ်မီဒီယာပေါ်မှာ နောက်ပြောင်နေကြပါတယ်။

ယန်းဘွိုင်းစ်နဲ့ပွဲမှာ အဲရစ်ဘာယီက ဘောလုံးဖျက်ထုတ်မှု ရာနှုန်းပြည့်အောင်မြင်ခဲ့ပြီး ဘောလုံးပေးပို့မှု တိကျနှုန်းကလည်း (၉၂) ရာခိုင်နှုန်းအထိရှိခဲ့ပါတယ်။ ဒါ့အပြင် ရှင်းထုတ်မှု (၃) ကြိမ်၊ ဟန့်တားမှု (၂) ကြိမ်အထိရှိခဲ့ပြီး ကျေနပ်လောက်စရာခြေစွမ်းကို ပြသနိုင်ခဲ့တယ်လို့ဆိုရမှာပါ။ 

Share

က္က