ကာတာဟာ ကမ္ဘာ့ဖလားမှာ ပရိသတ်တွေနဲ့ စည်ကားသိုက်မြိုက်နေအောင် ရည်ရွယ်ပြီး ပါကစ္စတန်ပရိသတ်တွေကို တရက် ၁၀ ဒေါ်လာ အသုံးစရိတ်၊ နေထိုင်ဖို့၊ စားသောက်ဖို့အတွက်ပါ တာဝန်ယူပေးပြီး လာအားပေးဖို့ ငှားရမ်းထားတယ်လို့ သတင်းတွေထွက်နေပါတယ်။ တရက်ကို ထမင်း ၃ နပ်ကျွေးမယ့်အပြင် နေထိုင်စရာနေရာပါ ပေးသွားမယ်လို့ ဆိုပါတယ်။
အရှေ့အလယ်ပိုင်းဒေသမှာ ပထမဆုံးအကြိမ်ကျင်းပတဲ့ ဒီကမ္ဘာ့ဖလားပြိုင်ပွဲမှာ ကာတာရဲ့ စည်းကမ်းသတ်မှတ်ချက်တွေ တင်းကျပ်မှုကြောင့် ပရိသတ်တွေ မျှော်လင့်ထားတာထက် ပိုမိုနည်းပါးစွာ ရောက်ရှိလာမယ့်အပေါ် ပြိုင်ပွဲတာဝန်ရှိသူတွေက စိုးရိမ်နေကြပါတယ်။ ဒါ့အပြင် လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေ၊ လာဘ်စားမှုအရှုပ်တော်ပုံတွေကြောင့်လည်း ပြိုင်ပွဲကို သပိတ်မှောက်သူတွေလည်း ရှိနေခဲ့ပါတယ်။
ကမ္ဘာ့ဖလားပြိုင်ပွဲမစတင်ခင် နိုဝင်ဘာလ ၂၀ ရက်နေ့မှာ ပရိသတ်တွေက ဒိုဟာမြို့အတွင်းမှာ လှည့်လည်သွားလာဖို့စီစဉ်ထားကြပြီး အင်္ဂလန်၊ ဘရာဇီးလ်၊ အာဂျင်တီးနားနဲ့ အခြားနိုင်ငံအသင်း ပရိသတ်တွေပါဝင်ကာ အောင်ပွဲခံမှုတွေပါ လုပ်သွားမယ်လို့ သိရပါတယ်။ လက်ရှိမှာလည်း ကာတာကို ပရိသတ်တွေရောက်ရှိလာတဲ့ပုံရိပ်တွေကို ကာတာရုပ်သံလိုင်းတွေက ထုတ်လွှင့်ပြသနေပြီး ဒီအပေါ်မှာ ဝေဖန်မှုတွေရှိနေပါတယ်။
အဆိုပါပရိသတ်တွေဟာ အတုအယောင်တွေသာဖြစ်ပြီး ငွေကြေးပေးသရုပ်ဆောင်ခိုင်းထားတဲ့ သူတွေနဲ့ ရွှေ့ပြောင်းလုပ်သားတွေဖြစ်တယ်လို့ ဝေဖန်နေကြပါတယ်။ ထွက်ပေါ်လာတဲ့ ဓာတ်ပုံတွေအရ ပရိသတ်အများစုဟာ ဥရောပနဲ့ တောင်အမေရိကကလို့ ယူဆရဖွယ်မရှိဘဲ အာရှသားတွေဆိုတာကို အထင်အရှားမြင်တွေ့နေခဲ့ရပြီး ကာတာရဲ့ ငှားရမ်းစေခိုင်းမှုသာဖြစ်တယ်ဆိုတဲ့ ယူဆချက်တွေက ပိုမိုမြင့်မားလာခဲ့ပါတယ်။