မန်စီးတီးရဲ့တိုက်စစ်မှူးဟာလန်းဟာ ကိုပင်ဟေဂင်နဲ့ပွဲမှာ ပွဲထွက်ခွင့်မရခဲ့ပေမယ့် ကွင်းဘေးက သူ့ရဲ့အပြုအမူတခုကြောင့် ပရိသတ်တွေအတွက် သဘောကျစရာဖြစ်နေပါတယ်။ ဒီပွဲမှာ မန်စီးတီးက ကိုပင်ဟေဂင်ကို အဝေးကွင်းမှာ ဂိုးမရှိသရေနဲ့သာ ကစားနိုင်ခဲ့ပြီး ဒီပွဲရဲ့ ပွဲထွက်ကစားသမားစာရင်းမှာ ဖိုဒန်၊ ဟာလန်း၊ ဘာနာဒိုဆေးလ်ဗားတို့လို အဓိက,ကစားသမားတွေကို အသုံးမပြုဘဲ အနားပေးခဲ့ပါတယ်။
မန်စီးတီးဟာ ပထမပိုင်းမှာ ရိုဒရီရဲ့သွင်းဂိုးတဂိုးရရှိခဲ့ပေမယ့် မာရက်ဇ်နဲ့လက်ထိခဲ့တာကြောင့် ပယ်ဖျက်ခံခဲ့ရပါတယ်။ ရလာတဲ့ပင်နယ်တီကိုလည်း မာရက်ဇ်က ဂိုးဝင်အောင် ကန်သွင်းနိုင်ခဲ့ခြင်းမရှိဘဲ ပထမပိုင်းမှာတင် နောက်ခံလူ ဆာဂျီယိုဂိုးမက်ဇ်က အနီကတ်နဲ့ အထုတ်ခံခဲ့ရပါတယ်။ အဲ့ဒါကြောင့်လည်း မန်စီးတီးတို့ ရုန်းကန်ခဲ့ရပြီး ဒီရာသီ ပထမဆုံးဂိုးမသွင်းနိုင်တဲ့ပွဲအဖြစ် ဂိုးမရှိသရေရလဒ်သာ ထွက်ပေါ်ခဲ့တာပါ။
ဒုတိယပိုင်းမှာ ဂွါဒီယိုလာက ဟာလန်း၊ ဖိုဒန်၊ ဘာနာဒိုဆေးလ်ဗား၊ အကီတို့ လေးယောက်ကို သွေးပူလေ့ကျင့်ခန်းပြုလုပ်စေခဲ့ပေမယ့် ဟာလန်းကိုတော့ ပွဲပြီးတဲ့အထိ ထည့်သွင်းအသုံးပြုခဲ့ခြင်းမရှိပါဘူး။ ဒီလိုမျိုး မန်စီးတီးကစားသမား လေးယောက် သွေးပူလေ့ကျင့်ခန်းဆင်းနေချိန်မှာ ဟာလန်းက အသင်းဖော် ဘာနာဒိုဆေးလ်ဗားကို ဘယ်လိုဘယ်ပုံ ပြေးလွှားဖို့ ရယ်ရယ်မောမောနဲ့ ပြောကြားနေခဲ့တာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။
ဟာလန်းဟာ နည်းပြတွေက ကစားသမားတွေကို မောင်းနှင်တဲ့အတိုင်း ဘာနာဒိုဆေးလ်ဗားကို မောင်းနှင်ပေးနေတာဖြစ်ပြီး အဲ့ဒီနောက်မှာတော့ သူ့ရဲ့လုပ်ရပ်ကို ဟာသအနေနဲ့သာ သတ်မှတ်ကာ ဖိုဒန်နဲ့ ရယ်ရယ်မောမော စကားဆက်ပြောနေခဲ့ပါတယ်။ ဟာလန်းဟာ အဆိုပါပွဲမတိုင်ခင် ဆောက်သမ်တန်နဲ့ပွဲမှာ ပွဲချိန်ပြည့်ကစားခဲ့ရတာကြောင့် အခုလို အနားပေးခဲ့တာဖြစ်ကြောင်းလည်း ဂွါဒီယိုလာက ပြောပါတယ်။
ပရိသတ်တွေကတော့ “ဟာလန်းကို ဘယ်လိုမှမုန်းတီးလို့မရဘူးဖြစ်နေပါတယ်” “ဒီဖြစ်ရပ်ကိုကြည့်လိုက်ရင် သူတို့ရဲ့ အဝတ်လဲခန်းက ဘယ်လောက်အထိ ပျော်ဖို့ကောင်းနေလဲဆိုတာ သိရမှာပါ” “ဒီလိုအသင်းဖော်မျိုးရှိနေတယ်ဆိုရင် ခင်ဗျားတို့လည်း ပျော်နေမှာပါပဲ။ အသင်းဖော်တွေကတော့ ဟာလန်းရဲ့ လက်ရှိအနေအထားကို ကျေနပ်နေကြမှာပါ” လို့ ဟာလန်းရဲ့လုပ်ရပ်နဲ့ပတ်သက်လို့ ချီးကျူးမှတ်ချက်ပြုခဲ့ကြပါတယ်။