မက်ဂွိုင်းရားနဲ့အတူနေချစ်သူတို့ တရားဝင်လက်မှတ်ရေးထိုးခဲ့တာပါ။

ယူနိုက်တက်အသင်းခေါင်းဆောင် မက်ဂွိုင်းရားအတွက် လက်ရှိဘောလုံးရာသီက တော်တော်လေးကို ခက်ခဲကြမ်းတမ်းတဲ့ ရာသီတခုဖြစ်ခဲ့ပါတယ်။ သူ့ကြောင့် ယူနိုက်တက်ရှုံးနိမ့်ခဲ့တာ၊ သွင်းဂိုးတွေအကြိမ်ကြိမ်ပေးခဲ့ရတာတွေအတွက် ဝေဖန်မှုတွေကို ခါးစည်းခံခဲ့ရပါတယ်။



ဒါပေမယ့် မက်ဂွိုင်းရားမပါဝင်နိုင်ချိန်တွေမှာလည်း ယူနိုက်တက်နောက်တန်းက အလားတူ အခြေအနေဆိုးတွေနဲ့ ရင်ဆိုင်နေရဆဲဆိုတာကို အာဆင်နယ်၊ ဘရိုက်တန်တို့ကို ရှုံးနိမ့်ခဲ့တဲ့ပွဲတွေမှာ သက်သေပြခဲ့ပါတယ်။ မက်ဂွိုင်းရားဟာ နည်းပြသစ် အဲရစ်တန်ဟက်ခ်လက်ထက်မှာ အသင်းခေါင်းဆောင်လက်ပတ်နဲ့ ပုံမှန်နေရာ ဆုံးရှုံးရဖွယ်ရှိနေပါတယ်။

အခု နောက်ဆုံး မက်ဂွိုင်းရားနဲ့ပတ်သက်တဲ့ သတင်းတပုဒ်ကတော့ ဒီကစားသမားဟာ သူ့ရဲ့ ငယ်ချစ်ဦးဖြစ်တဲ့ ဖန်ဟောကင်စ်နဲ့ မင်္ဂလာဆောင်လိုက်ပြီလို့ သိရှိရပါတယ်။ ဆယ်ကျော်သက်အရွယ်တည်းက တွဲခုတ်ခဲ့ကြတဲ့ သူတို့နှစ်ယောက်ဟာ (၂၀၁၈) မှာ စေ့စပ်ခဲ့ကြတာဖြစ်ပြီး တရားဝင်လက်မှတ်ထိုးတာကိုတော့ မနေ့ (ကြာသပတေး) ကမှ ပြုလုပ်ခဲ့တာဖြစ်တယ်လို့ သိရှိရပါတယ်။

မက်ဂွိုင်းရားနဲ့ ဟောကင်စ်တို့နှစ်ယောက်ဟာ ခရူဝီမှတ်ပုံတင်ရုံးမှာ လက်မှတ်ရေးထိုးခဲ့ကြတာဖြစ်ပြီး ဟောကင်စ်ရဲ့လက်သူကြွယ်မှာ လက်ထပ်လက်စွပ်ဝတ်ဆင်လာတာကိုလည်း ဓာတ်ပုံမှတ်တမ်းတွေမှာ မြင်တွေ့ခဲ့ရပါတယ်။ မက်ဂွိုင်းရားဟာ အသက် (၂၉) နှစ်အရွယ်ရှိပြီဖြစ်ပြီး ဟောကင်စ်ကလည်း မက်ဂွိုင်းရားနဲ့ သက်တူရွယ်တူပဲလို့ သိရှိရပါတယ်။

မက်ဂွိုင်းရားဟာ ကြာသပတေးက ကာရင်တန်မှာ ယူနိုက်တက်နဲ့အတူ လေ့ကျင့်ခန်းဆင်းပြီးနောက် အခုလိုမျိုးပဲ မှတ်ပုံတင်ရုံးကို တိုက်ရိုက်သွားရောက်ပြီး လက်ထပ်မှတ်ပုံတင်ခဲ့တာပဲဖြစ်ပါတယ်။ ဒါ့အပြင် ဒီလိုမျိုး လက်ထပ်မှတ်ပုံတင်တာကိုလည်း လျှို့ဝှက်လုပ်ဆောင်ခဲ့ကြတယ်လို့သိရပြီး အရင်းနှီးဆုံးမိသားစုဝင်တွေနဲ့ သူငယ်ချင်းတွေသာ သိရှိခဲ့ရတာပါ။

မက်ဂွိုင်းရားနဲ့ဟောကင်စ်တို့ရဲ့ မင်္ဂလာပွဲကိုတော့ လာမယ့်နွေရာသီကာလအတွင်း ပြင်သစ်နိုင်ငံမှာကျင်းပသွားမှာဖြစ်တယ်လို့ သိရှိရပါတယ်။ မိသားစုနဲ့ ရင်းနှီးတဲ့ သတင်းရင်းမြစ်က “သူတို့နှစ်ယောက်က သိုသိုသိပ်သိပ်ပဲ နေထိုင်ချင်ကြတာပါ။ ဒါပေမယ့် ပြင်သစ်မှာ မင်္ဂလာပွဲမကျင်းပခင် နှစ်ယောက်လုံးက တရားဝင်လက်ထပ်လိုခဲ့ကြပါတယ်။ မင်္ဂလာပွဲက တကယ်ကို အံ့အားသင့်ဖွယ်ကောင်းမှာပါ” လို့ ပြောကြားသွားခဲ့ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က