မက်ဆီ ဘလွန်းဒီအော်ရတဲ့အပေါ် လီဗာပူးပရိသတ်တယောက်က အကြီးအကျယ်ပေါက်ကွဲခဲ့တာပါ။

(၂၀၂၁) အတွက် ဘလွန်းဒီအော်ဆုပေးပွဲ အခမ်းအနားကို မနေ့ညက ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့မှာ ကျင်းပခဲ့ပြီး သတင်းတွေထွက်ပေါ်ခဲ့သလိုပဲ မက်ဆီကသာ ဒီဆုကို သူ့ရဲ့ ကစားသမားဘဝအတွက် (၇) ကြိမ်မြောက် ဆွတ်ခူးရရှိခဲ့ပါတယ်။



မက်ဆီ ဒီလိုမျိုး ရသွားခဲ့တဲ့အပေါ် ဝမ်းသာတဲ့သူတွေရော၊ ဝေဖန်သူတွေရော အမျိုးမျိုးထွက်ပေါ်ခဲ့ပြီး လီဗာပူးပရိသတ်တယောက်ကတော့ မက်ဆီ ဘလွန်းဒီအော်ရတဲ့အပေါ် ဘက်ပေါင်းစုံကနေ အကြီးအကျယ် ဝေဖန်ခဲ့တာပါ။ ဒီပရိသတ်ဟာ Talksport က ပြုလုပ်တဲ့ Podcast အစီအစဥ်တခုမှာ အခုလိုပဲ အကြီးအကျယ် ပေါက်ကွဲခဲ့တာဖြစ်ပါတယ်။

အဆိုပါလီဗာပူးပရိသတ်က “မက်ဆီ ဆုရတာက ကျနော့်အတွက် စိတ်ဆိုးစရာပါ။ နောက်ပိုင်းနှစ်တွေမှာ သူနဲ့ ရော်နယ်ဒိုက ကြီးကျယ်ခမ်းနားခဲ့တဲ့ ကစားသမားတွေဆိုတာ ဟုတ်ပါတယ်။ လာလီဂါကလည်း သူတို့နှစ်ယောက်မရှိတော့ ကျရှုံးသွားပါတယ်။ ဒါပေမယ့်ဗျာ... သူတို့နှစ်ယောက်က နောက်ဆုံး (၂) နှစ်အတွင်း ဘာများလုပ်ပြနိုင်ခဲ့လို့လဲ?”

“ခင်ဗျားတို့ကတော့ သူ ကိုပါအမေရိကဖလားရတာကို ပြောမှာပေါ့။ ဒါပေမယ့် အဲ့ဒီဖလားက ယူရိုဖလားနဲ့ နှိုင်းယှဥ်စရာလား။ ယူရိုက ကမ္ဘာ့ဖလားပြီးရင် အဆင့်မြင့်ဆုံးပဲလေ။ ကိုပါအမေရိကရော? သူ့အတွက် ဒီဖလားက အရမ်းကို အဓိပ္ပာယ်ရှိတယ်ဆိုတာကို ကျနော်သိပါတယ်”

“ချန်ပီယံလိဂ်မှာလည်း ကြည့်လိုက်ပါဦး။ သူက ကွင်းထဲမှာ လမ်းပတ်လျှောက်နေပါတယ်။ နောက်ပြီး သူ PSG အတွက် ကစားပေးဖို့လည်း စိတ်မဝင်စားပါဘူး။ သူ အဲ့ဒီကိုရောက်နေတာ ပိုက်ဆံအတွက်ပါ။ ကျနော်ထင်ပါတယ်။ သူ မျှော်လင့်ထားတာထက် အစောကြီး အနားယူသွားပါလိမ့်မယ်”



“ဒီညမှာ သူရခဲ့တဲ့ ဘလွန်းဒီအော်ကလည်း သူ့ရဲ့ ကစားသမားဘဝအတွက် နောက်ဆုံး ဘလွန်းဒီအော်ဖြစ်မှာပါ။ ဘာလို့လဲဆိုတော့ သူနောက်ထပ်မရနိုင်တော့လို့ပါပဲ” လို့ ပြင်းပြင်းထန်ထန်ကို ပြောကြားသွားခဲ့တာပဲဖြစ်ပါတယ်။ 

Share

က္က