ယူနိုက်တက် တိုက်စစ် ကစားသမားလေး ဂရင်းဝုဒ်ဟာ သူ့ရဲ့ချစ်သူ ဟာရစ်ရော့ဘ်ဆင်ကို ဆိုးရွားတဲ့အကြမ်းဖက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရှိရပါတယ်။ ဒီအကြောင်းအရာတွေကိုတော့ နစ်နာသူ ဟာရစ်ရော့ဘ်ဆင်ကိုယ်တိုင်က သူ့ရဲ့အင်စတာဂရမ်ကတဆင့် ဓာတ်ပုံနဲ့တကွ အသိပေးကြေညာခဲ့ပါတယ်။
ရော့ဘ်ဆင်ဟာ မျက်နှာကို ရိုက်နှက်ခံထားရသလို ပါးစပ်ထဲက သွေးတွေထွက်ကျနေတဲ့ သူ့ရဲ့ ပုံရိပ်တွေကို အင်စတာဂရမ်ကနေ ပြသခဲ့ပါတယ်။ ဒါ့အပြင် ရော့ဘ်ဆင်အနေနဲ့ ခန္ဓာကိုယ်ရဲ့ အခြားနေရာတွေမှာလည်း ညိုမည်းစွဲအောင် ညှင်းပန်းနှိပ်စက်ခံထားရတယ်လို့ သိရှိရပါတယ်။
ရော့ဘ်ဆင်ရဲ့ ဒီပုံရိပ်တွေက ဆိုရှယ်မီဒီယာပေါ်မှာ တမဟုတ်ချင်းဆိုသလို ပျံ့နှံ့သွားခဲ့ပြီး ဂရင်းဝုဒ်အပေါ် ဝေဖန်မှုတွေလည်း ပြင်းထန်လာခဲ့ပါတယ်။ ယူနိုက်တက်ဘက်ကတော့ “အတည်မပြုရသေးတဲ့ ဓာတ်ပုံတွေနဲ့ ပတ်သက်လို့ မှတ်ချက်တစုံတရာ ပေးသွားမှာမဟုတ်ပါဘူး။ ဒါပေမယ့် စုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေပါတယ်။ ဘယ်လိုအကြမ်းဖက်မှုမျိုးကိုမှလည်း လက်ခံမှာမဟုတ်ပါဘူး” လို့ တရားဝင်ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။
ဂရင်းဝုဒ်ရဲ့ချစ်သူ ရော့ဘ်ဆင်ကတော့ ဂရင်းဝုဒ်ကို အိမ်တွင်းအကြမ်းဖက်မှုနဲ့ တရားစွဲမယ်လို့ ပြောကြားထားပြီး တကယ်တမ်းသာ ဂရင်းဝုဒ်က ဒီလိုမျိုး ကျူးလွန်ခဲ့မယ်ဆိုရင်တော့ ငြင်းစရာမရှိအောင်ကို သက်သေအကြောင်းအရာ ခိုင်လုံနေပြီးသားလည်းဖြစ်ပါတယ်။
အဲ့ဒါကြောင့် အခုထွက်ပေါ်လာတဲ့သတင်းတွေကတော့ ဂရင်းဝုဒ်အတွက် နောက်ထပ်စိတ်ပျက်စရာတွေ ထပ်မံတိုးလာခဲ့တယ်လို့ဆိုရမှာပါ။ ဂရင်းဝုဒ်ဟာ ကွင်းတွင်းမှာ ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်နေရပြီး သူ့ရဲ့တကိုယ်ကောင်းဆန်တဲ့ ကစားဟန်တွေကြောင့် ဝေဖန်မှုတွေနဲ့ အလူးအလဲ ရင်ဆိုင်နေရပါတယ်။
အခု အကြမ်းဖက်မှုကလည်း ပရိသတ်တွေအတွက် ဘယ်လိုမှ လက်ခံနိုင်စရာမရှိပါဘူး။ ဒီအကြောင်းအရာတွေနဲ့ ပတ်သက်လို့တော့ ဂရင်းဝုဒ်က တစုံတရာ မှတ်ချက်မပေးသေးပါဘူး။ မိန်းကလေးဖြစ်တဲ့ ရော့ဘ်ဆင်ကလည်း အင်စတာဂရမ်ပေါ်က သူ့ရဲ့ဓာတ်ပုံတွေကို ပြန်ဖျက်ထားပြီး ဘာတွေဆက်ဖြစ်မလဲဆိုတာကတော့ စိတ်ဝင်စားဖွယ် ဆက်လက် စောင့်ကြည့်ရမှာဖြစ်ပါတယ်။