ယူနိုက်တက်ဟာ ကွင်းလယ်လူသစ် ကက်စ်မဲရိုးအတွက် (၂၄) နာရီ လုံခြုံရေးစီစဥ်ပေးထားကြောင်း သိရှိရပါတယ်။ အဆိုပါ ဘရာဇီးကွင်းလယ်လူဟာ ယူနိုက်တက်ကို ပြောင်းရွှေ့ကြေး ယူရိုသန်း (၇၀) နဲ့ ပြောင်းရွှေ့ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။
ကက်စ်မဲရိုးဟာ တနင်္လာညက ယူနိုက်တက်နဲ့လီဗာပူးပွဲမစခင် ယူနိုက်တက်အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ယူနိုက်တက်ပရိသတ်တွေနဲ့ ပထမဆုံးမိတ်ဆက်ခဲ့ပြီးဖြစ်ပါတယ်။ အသက် (၃၀) အရွယ် ကက်စ်မဲရိုးက လက်ရှိအချိန်မှာ မန်ချက်စတာမြို့တွင်း အမြဲတမ်းနေထိုင်ဖို့ အိမ်တလုံးကို ရှာဖွေနေဆဲဖြစ်တယ်လို့လည်း သိရပါတယ်။
ဒီလိုမျိုး ကက်စ်မဲရိုး နေအိမ်ရှာဖွေနေတဲ့အတောအတွင်းမှာ ယူနိုက်တက်ဘက်က ကစားသမားကို သက်သောင့်သက်သာနဲ့ စိတ်လုံခြုံမှု အပြည့်အဝရရှိစေဖို့ လုံခြုံရေးအပြည့်အဝ ငှားရမ်းစီစဥ်ပေးထားတယ်လို့ သိရှိရပါတယ်။ သတင်းရင်းမြစ်တယောက်က “အပြောင်းအရွှေ့က ရုတ်တရက်ကြီး လျင်လျင်မြန်မြန်နဲ့ ဖြစ်ပေါ်ခဲ့တာပါ။ ဒါပေမယ့် ယူနိုက်တက် တာဝန်ရှိသူတွေက သူတို့ရဲ့ ကစားသမားသစ် အမြန်ဆုံးအထိုင်ကျဖို့ လိုအပ်တဲ့ အစီအစဥ်တွေအကုန်လုံးကို ဆောင်ရွက်ပေးထားပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီးတော့လည်း “ကက်စ်မဲရိုးက လက်ရှိ ဟိုတယ်မှာပဲနေထိုင်နေရပေမယ့် အသင်းဘက်က ကစားသမားရဲ့ အိမ်ရှာဖွေတဲ့ကိစ္စရပ်တွေကို လိုက်ပါကူညီပေးနေပါတယ်။ ဒါ့အပြင် လုံခြုံရေးလည်း ငှားပေးထားပြီး ကိုယ်ပိုင်အိမ်ရှာတွေ့တဲ့အချိန်ထိ ဒါတွေကို စီစဥ်ပေးထားမှာပါ”
“နိုင်ငံခြားက ကြယ်ပွင့် တော်တော်များများက ကွင်းပြင်မှာ ရာဇဝတ်သားတွေရဲ့ ပစ်မှတ်ထား၊ အသက်အန္တရာယ်ခြိမ်းခြောက်မှုတွေကို မနှစ်မြို့ပါဘူး။ ယူနိုက်တက်ကတော့ ဒါမျိုးအဖြစ်မခံဘဲ သူတို့ရဲ့ ကစားသမားသစ်အတွက် လိုအပ်တဲ့ အကာအကွယ်အားလုံးကို စီမံပေးထားပါတယ်” လို့ သတင်းရင်းမြစ်က ထပ်လောင်း ပြောကြားခဲ့ပါတယ်။