ယူနိုက်တက်ဟာ မနေ့က ကစားခဲ့တဲ့ ဘရိုက်တန်နဲ့ ပရီးမီးယားလိဂ် အဝေးကွင်းပွဲမှာ လေးဂိုးပြတ်နဲ့ အရှက်တကွဲ အရေးနိမ့်ခဲ့ပါတယ်။ ဒီရလဒ်ကြောင့် ယူနိုက်တက်တို့ လာမယ့်ရာသီ ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ သေချာပေါက် လွဲချော်သွားခဲ့ပါတယ်။
ဒီပွဲရဲ့ ပထမပိုင်းမှာ ယူနိုက်တက်တို့ တဂိုးသာပေးခဲ့ရပေမယ့် ဒုတိယပိုင်းမှာတော့ ကျန်တဲ့သုံးဂိုးကို ချက်ချင်းဆိုသလို ပေးခဲ့ရပြီး အခုလို ဂိုးပြတ်ရှုံးနိမ့်ခဲ့တာပါ။ ဘရိုက်တန်ပရိသတ်တွေကတော့ ဒီလိုမျိုး ယူနိုက်တက်ကို ဂိုးပြတ်နိုင်နေတဲ့အချိန်မှာ “ဘရိုက်တန်လိုမျိုးပဲ၊ မင်းတို့မြို့ကလည်း အပြာရောင်ပဲ” လို့ သံပြိုင်ဟစ်ကြွေးခဲ့ပါတယ်။
ယူနိုက်တက်နဲ့မန်စီးတီးတို့ဟာ မန်ချက်စတာမြို့ခံအသင်းတွေဖြစ်ပြီး မန်စီးတီးက ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် အခြေအနေကောင်းနေချိန်မှာ ယူနိုက်တက်ကတော့ ကျဆင်းမှုတွေကြားထဲ ရုန်းကန်နေရပါတယ်။ အဲ့ဒါကြောင့်လည်း နောက်ပိုင်းမှာ “Manchester is Blue” ဆိုတဲ့ အသံတွေ ထွက်လာခဲ့ပြီး ယူနိုက်တက်ရဲ့ အရှိန်အဝါ သိသိသာသာ ကျဆင်းလာခဲ့ပါတယ်။
ယူနိုက်တက်ပရိသတ်တွေကလည်း “ငါတို့ တန်ဟက်ခ်ကို အလိုရှိတယ် (We Want Ten Hag)” လို့ သံပြိုင်ပြန်အော်ခဲ့ကြပါသေးတယ်။ အဲ့ဒီအချိန်မှာလည်း ဘရိုက်တန်ပရိသတ်တွေက “ငါတို့လည်း (၁၀) လိုချင်တယ် (We Want Ten)” လို့ ထပ်မံ တုံ့ပြန်ခဲ့ကြပါတယ်။ ဘရိုက်တန်ဟာ လက်ရှိ အဆင့် (၉) မှာ ရပ်တည်နေတဲ့အသင်းဖြစ်ပါတယ်။
ဒါပေမယ့် သူတို့ ရည်ရွယ်အော်ဟစ်ခဲ့တဲ့ (၁၀) ကတော့ ဒီပွဲမှာ (၁၀) ဂိုးလိုချင်တယ်လို့ ရည်ညွှန်းဖွယ်ရှိပါတယ်။ ယူနိုက်တက်ပရိသတ်တွေအတွက်ကတော့ ကွင်းတွင်းခြေစွမ်းပါ စိတ်ပျက်စရာကောင်းခဲ့သလို ကွင်းပြင်မှာလည်း အခုလိုမျိုး ပြိုင်ဘက်ပရိသတ်တွေရဲ့ လှောင်ပြောင်မှုနဲ့ ရင်ဆိုင်ခဲ့ရတာပါ။
ဒါ့အပြင် ယူနိုက်တက်ပရိသတ်တွေဟာ အသင်းကစားသမားတွေ “မင်းတို့က ယူနိုက်တက်ဂျာစီနဲ့ မထိုက်တန်ဘူး” လို့ အော်ဟစ်ပေါက်ကွဲခဲ့သေးကြောင်းလည်း သိရှိရပါတယ်။ လက်ရှိ အဆင့် (၆) နေရာက ယူနိုက်တက်ဟာ အဆင့် (၇) နေရာက ဝက်စ်ဟမ်းထက် (၂) ပွဲ ပိုကစား၊ (၆) မှတ်သာ အသာရထားတာလည်းဖြစ်ပါတယ်။