ဂျော်ဂျင်ဟိုရဲ့ တက်တူးကို လှောင်ပြောင်နေကြတာပါ။

ချဲလ်ဆီးကွင်းလယ်လူ ဂျော်ဂျင်ဟိုဟာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာ တက်တူးအသစ်နှစ်ခု ထပ်မံရေးထိုးခဲ့ပြီး ဒီတက်တူးအပေါ်မှာ ပရိသတ်တွေက ဝေဖန်လှောင်ပြောင်နေကြပါတယ်။ ဂျော်ဂျင်ဟို အသစ်ရေးထိုးခဲ့တဲ့ တက်တူးနှစ်ခုကတော့ (၂၀၂၁) အတွင်း ချဲလ်ဆီးနဲ့အတူရရှိခဲ့တဲ့ ချန်ပီယံလိဂ်ဖလား၊ အီတလီနဲ့အတူရရှိခဲ့တဲ့ ယူရိုဖလားပုံတို့ပဲဖြစ်ပါတယ်။



ဒီတက်တူးပုံနှစ်ပုံကိုလည်း ဂျော်ဂျင်ဟိုရဲ့ တက်တူးဆရာက ပရိသတ်တွေကို ပြသခဲ့ပေမယ့် တုံ့ပြန်မှုတွေကတော့ ဂျော်ဂျင်ဟိုမျှော်လင့်ထားမယ့်အရာတွေ မဟုတ်ဘူးလို့ဆိုရမှာပါ။ ပရိသတ်တွေက ဂျော်ဂျင်ဟို ထိုးထားတဲ့ တက်တူးတွေရဲ့ ပုံစံကို လှောင်ပြောင်ဝေဖန်နေကြပြီး ဆိုးရွားတဲ့လက်ရာတခုအဖြစ် သတ်မှတ်ထားကြပါတယ်။ ပရိသတ်တွေက “တကယ်ကို ကြောက်စရာကောင်းတဲ့ တက်တူးပဲဗျာ”

“ဒီတက်တူးတွေက တကယ်ကို ကြောက်ဖို့ကောင်းနေတာ။ ငါမလိမ်ပါဘူး” “ဘာပုံစံကြီးထိုးလာတာလဲ” လို့ အမျိုးမျိုး ဝေဖန်နေကြပါတယ်။ ဒါပေမယ့် အချို့ ပရိသတ်တွေကတော့ အကောင်းမြင်နေကြပြီး ဂျော်ဂျင်ဟိုရဲ့တက်တူးကို ချီးကျူးနေကြပါတယ်။ ချဲလ်ဆီးပရိသတ်တယောက်က “ချန်ပီယံလိဂ်ဖလားမှာ အပြာရောင်ဖဲကြိုးတွေတောင် ပါ,ပါသေးတယ်” လို့ မှတ်ချက်ပြုခဲ့ပါတယ်။

ဂျော်ဂျင်ဟိုဟာ ချဲလ်ဆီး၊ အီတလီတို့နဲ့ အောင်မြင်ခဲ့တဲ့နှစ်မှာ ဘလွန်းဒီအော်ဆွတ်ခူးဖို့အထိ ရေပန်းစားခဲ့ပြီး လက်တွေ့မှာတော့ ဘလွန်းဒီအော်အတွက် အဆင့် (၃) နေရာသာရရှိခဲ့ပါတယ်။ ဒီကစားသမားဟာ လက်ရှိဘောလုံးရာသီမှာလည်း ချဲလ်ဆီးရဲ့ရလဒ်ဆိုး၊ တူဟယ်လ် အထုတ်ခံရမှုတွေနဲ့အတူ ပုံမှန်ခြေစွမ်းပြသနိုင်ဖို့ ရုန်းကန်နေရပါတယ်။

ဂျော်ဂျင်ဟိုဟာ ချဲလ်ဆီးနဲ့အတူ ချန်ပီယံလိဂ်ဖလား၊ ယူရိုပါလိဂ်ဖလား၊ ဥရောပစူပါဖလားတို့ကို ဆွတ်ခူးနိုင်ခဲ့ပြီး အီတလီနဲ့အတူ ယူရိုချန်ပီယံဆုဖလားကြီးကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ အဆိုပါအီတလီကွင်းလယ်လူရဲ့ စာချုပ်သက်တမ်းဟာ နောက်ဆုံးနှစ်အတွင်းကို ရောက်ရှိနေပြီး လာမယ့်ဆောင်းရာသီမှာတော့ အခြားအသင်းတသင်းနဲ့အတူ အကြိုသဘောတူညီမှုရယူနိုင်တော့မှာဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က