ယာအိုဖီးလစ်အတွက် ယူနိုက်တက်ရဲ့ ကမ်းလှမ်းမှု ပယ်ချခံခဲ့ရတာပါ။

ယာအိုဖီးလစ်အတွက် ယူနိုက်တက်ရဲ့ကမ်းလှမ်းမှုကို အက်သလက်တီကိုမက်ဒရစ်ဘက်က ငြင်းဆန်ပယ်ချခဲ့တဲ့အပြင် အသင်းရဲ့ တွစ်တာကနေလည်း ယူနိုက်တက်ကို မထိတထိနဲ့ ပြန်လည်ရိသဲ့သဲ့လုပ်ခဲ့ပါတယ်။ စပိန်အခြေစိုက်သတင်းတွေရဲ့ဖော်ပြချက်အရ ယူနိုက်တက်ဟာ ယာအိုဖီးလစ်အတွက် ပြောင်းရွှေ့ကြေး ယူရိုသန်း (၁၃၀) နဲ့ ကမ်းလှမ်းခဲ့တာပါ။



ဒါပေမယ့် ယူနိုက်တက်ရဲ့ကမ်းလှမ်းမှုကို အက်သလက်တီကိုဘက်က ငြင်းဆန်ပယ်ချခဲ့ပြီး နည်းပြ ဆီမြွန်နီကလည်း အဆိုပါ ကစားသမားကို အသင်းရဲ့ အရေးပါဆုံး ကစားသမားအဖြစ် သတ်မှတ်ထားပါတယ်။ အက်သလက်တီကိုနဲ့ယာအိုဖီးလစ်တို့အကြား စာချုပ်လျော်ကြေးကလည်း ယူရိုသန်း (၃၅၀) အထိရှိနေပါတယ်။

အက်သလက်တီကိုဟာ ယူနိုက်တက်ရဲ့ကမ်းလှမ်းမှုကို ငြင်းဆန်ခဲ့တဲ့အပြင် သူတို့ရဲ့ အင်္ဂလိပ်ဘာသာနဲ့ တရားဝင်အကောင့်မှာလည်း ယာအိုဖီးလစ်ရဲ့ပုံနဲ့အတူ “တန်ဖိုးဖြတ်မရဘူး” လို့ ရေးသားကာ တင်ထားခဲ့ပါသေးတယ်။ ဒါကတော့ ယူနိုက်တက်ကို တရားဝင်တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။


အက်သလက်တီကိုနဲ့ယူနိုက်တက်တို့ ပြီးခဲ့တဲ့ရာသီကြိုခြေစမ်းပွဲမှာ ထိပ်တိုက်တွေ့ခဲ့ဖူးပြီး အဲ့ဒီအချိန်ကလည်း အက်သလက်တီကိုက ယာအိုဖီးလစ်ရဲ့ တလုံးတည်းသောဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ အဲ့ဒီပွဲက ယာအိုဖီးလစ်ရဲ့ခြေစွမ်းကြောင့်လည်း ယူနိုက်တက်တို့ ယာအိုဖီးလစ်ကို ခေါ်ယူဖို့ ကြိုးစားခဲ့တာလို့ သိရှိရပါတယ်။ ဒါ့အပြင် ပြီးခဲ့တဲ့ရာသီ ချန်ပီယံလိဂ်ရှုံးထွက် (၁၆) သင်းအဆင့်မှာလည်း ယူနိုက်တက်တို့ အက်သက်တီကို,ကို ရှုံးနိမ့်ခဲ့ပါသေးတယ်။

ကစားသမားနဲ့ အသင်းကြား စာချုပ်သက်တမ်းကလည်း (၄) နှစ်ကျန်ရှိနေပြီး အဆိုပါ ပေါ်တူဂီလက်ရွေးစင်ကိုယ်တိုင်က အက်သလက်တီကိုမှာ ပျော်ရွှင်လျက်ရှိနေပါတယ်။ ယူနိုက်တက်ဟာ ရာသီအဖွင့်နှစ်ပွဲဆက်ရှုံးနိမ့်ခဲ့ပြီးနောက် ကစားသမားသစ်ခေါ်ယူမှုတွေကို ဆက်တိုက်ပြုလုပ်ဖို့ ကြိုးပမ်းလျက်ရှိပါတယ်။ ယာအိုဖီးလစ်က ယူနိုက်တက်တို့ အသည်းအသန်ခေါ်ဖို့ လုပ်နေတဲ့ ကစားသမားတွေထဲက တယောက်ဖြစ်ပြီး ကက်စ်မဲရိုးအပါအဝင် အခြားသောကစားသမား (၁၀) ယောက်အထက်က ယူနိုက်တက်နဲ့ သတင်းထွက်ပေါ်နေပါတယ်။ 

Share

Loading Next Article...
က္က