ဗီလာဂိုးသမားကို မန်စီးတီးပရိသတ်တွေ ရန်ပြုတိုက်ခိုက်ခဲ့ကြပါတယ်။

အက်စတွန်ဗီလာနည်းပြ စတီဗင်ဂျရတ်ဟာ မနေ့က မန်စီးတီးနဲ့ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ ဒေါသပေါက်ကွဲခဲ့ပြီး အစီအစဥ်မပြီးခင်မှာတင် အခန်းထဲကနေ ဒေါသတကြီးနဲ့ ထွက်ခွာသွားခဲ့တယ်လို့ သိရှိရပါတယ်။ ဒီပွဲအပြီးမှာ ချန်ပီယံဖြစ်ခဲ့တဲ့ မန်စီးတီးပရိသတ်တွေဟာ ကွင်းအတွင်းကို ဝင်ရောက်အောင်ပွဲခံခဲ့ကြပါတယ်။



ဒါပေမယ့် ဒီလိုမျိုးအောင်ပွဲခံတဲ့နေရာမှာ အက်စတွန်ဗီလာဂိုးသမား အော်လ်ဆင်ကို တိုက်ခိုက်ခဲ့ကြပြီး ဒီအတွက် ဂျရတ်က ပေါက်ကွဲခဲ့တာပါ။ ဒီပွဲမှာ အက်စတွန်ဗီလာက နှစ်ဂိုးပြတ်နဲ့ ဦးဆောင်နိုင်ခဲ့ပြီးမှ (၆) မိနစ်အတွင်း (၃) ဂိုး ပြန်ပေးခဲ့ရကာ ၃-၂ ဂိုးနဲ့ ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။

လီဗာပူးဂန္တဝင်ဟောင်းတယောက်ဖြစ်တဲ့ ဂျရတ်ကို ဒီပွဲမတိုင်ခင်မှာ လီဗာပူးပရိသတ်တွေက အများကြီး မျှော်လင့်ခဲ့ကြပါတယ်။ ဂျရတ်ကလည်း မန်စီးတီးကို အနိုင်ကစားနိုင်တဲ့အထိ ဗီလာကို အစွမ်းပြစေခဲ့ပေမယ့် တဖက်က လီဗာပူးက မန်စီးတီးရှုံးနေချိန်မှာတောင် အနိုင်မကစားနိုင်ခဲ့ပါဘူး။

မန်စီးတီးက ချေပဂိုးနဲ့အနိုင်ဂိုးတွေသွင်းယူပြီးချိန်မှ လီဗာပူးဘက်ကလည်း ဆာလာ၊ ရော်ဘတ်ဆန်တို့ရဲ့ ဂိုးတွေကို သွင်းယူနိုင်ခဲ့ပြီး နောက်ဆုံးမှာ အားလုံးထင်ထားတဲ့အတိုင်း မန်စီးတီးကသာ ပရီးမီးယားလိဂ်ချန်ပီယံအဖြစ် အောင်ပွဲခံနိုင်ခဲ့ပါတယ်။ ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာတော့ ဂျရတ်တယောက် ဒေါသအကြီးအကျယ်ထွက်နေခဲ့ပြီး သတင်းစာရှင်းလင်းပွဲကိုလည်း ဖျက်သိမ်းလိုက်ရပါတယ်။

ဂိုးသမား အော်လ်ဆင် အတိုက်ခိုက်ခံရတဲ့အကြောင်း မေးမြန်းရာမှာတော့ ဂျရတ်က “နိုး၊ နိုး၊ ခင်ဗျားတို့ ကျနော့်ကို ဒီအကြောင်း လာမမေးနဲ့။ ကျနော့်ဂိုးသမားက အတိုက်ခိုက်ခံရတာ၊ ဒီတော့ ခင်ဗျားတို့ ဒီမေးခွန်းကို ဂွါဒီယိုလာနဲ့ မန်စီးတီးကိုသာ သွားမေးကြ” လို့ တုံ့ပြန်ခဲ့ပါတယ်။ ဗီလာဂိုးသမားရဲ့ ဒဏ်ရာအခြေအနေနဲ့ ပတ်သက်လို့လည်း သတင်းထောက်က မေးမြန်းပါသေးတယ်။

ဒီတခါမှာလည်း ဂျရတ်က “ကျနော်တို့ သွားပြီး စစ်ဆေးရမှာပေါ့” လို့ ပြောရင်းဆိုရင်း သတင်းစာရှင်းလင်းပွဲ ခန်းမထဲကနေ ထွက်ခွာသွားခဲ့ပါတယ်။ ဂျရတ်တယောက် သူ့ဂိုးသမားအတွက်ရော၊ သူ့အသင်းဟောင်း လီဗာပူး ချန်ပီယံမဖြစ်တဲ့အတွက်ရော နှစ်ခုပေါင်းပြီး ဒေါသပေါက်ကွဲခဲ့တယ်လို့လည်း ပရိသတ်အချို့က ယုံကြည်နေကြပါတယ်။ 

Share

Loading Next Article...
က္က