အဓိကကစားသမားတွေ ဒဏ်ရာကြောင့် လူစားလဲလှယ်ခဲ့ရပေမယ့်လည်း ဆိုးလ်ရှားရဲ့ ယူနိုက်တက်အသင်းဟာ အိမ်ကွင်းမှာ ရလဒ်မရှုံးနိမ့်အောင် ကစားနိုင်ခဲ့ပါတယ်။
လီဗာပူးလ်အသင်းရဲ့ ဂိုးမရှိသရေကျခဲ့တဲ့ ပွဲအပြီးမှာ ယူနိုက်တက်နည်းပြ အိုလီဂန်နာဆိုးလ်ရှားက အသင်းရဲ့ တုံ့ပြန်မှုတွေအပေါ်မှာ အားရကျေနပ်နေခဲ့ပါတယ်။ ပထမပိုင်းမှာပဲ အဓိကကစားသမား (၃)ဦး ဒဏ်ရာ ရရှိခဲ့လို့ လူစားလဲလှယ်ခဲ့ရတဲ့ မန်ချက်စတာယူနိုက်တက်အသင်းဟာ လီဗာပူးလ်ကို မရှုံးနိမ့်အောင် ကစားနိုင်ခဲ့ပြီး အိမ်ကွင်းမှာ အဖိုးတန်သရေတစ်မှတ်ကို ရယူနိုင်ခဲ့ပါတယ်။
မန်ချက်စတာယူနိုက်တက်အသင်းဟာ အဓိကကစားသမားတွေကို လူစားလဲလှယ်ခဲ့ရတဲ့အပြင် တိုက်စစ်မှူး ရက်ရှ်ဖိ့ုဒ်ဟာလည်း ဒဏ်ရာကြီးနဲ့ ပွဲပြီးဆုံးချိန်အထိ အသင်းအတွက် ကစားပေးခဲ့ရတာလည်း ဖြစ်ပါတယ်။ ရက်ရှ်ဖို့်ဒ်ဟာ ခြေကျင်းဝတ်ဒဏ်ရာ ရရှိနေခဲ့တာဖြစ်ပြီး အသင်းအတွက် ကြိုးစားကစားပေးနေခဲ့ရတာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။
"ပထမပိုင်းမှာ အရာအားလုံးက မှားယွင်းနေခဲ့ပါတယ်၊ ဘောလုံးမှာ ထင်မှတ်မထားတာတွေ ဖြစ်လာတတ်ပါတယ်၊ ဒီအတွက် အရာရာတိုင်းအတွက် အသင့်ဖြစ်နေလို့ လိုပါတယ်၊ ဒါပေမယ့်လည်း ပထမပိုင်းမှာ အားထားရတဲ့ ကစားသမား (၃)ဦးကို ဒဏ်ရာကြောင့် ဆုံးရှုံးခဲ့ရတာကတော့..." လို့ ဆိုးလ်ရှားက Sky Sports နဲ့ တွေ့ဆုံမှုမှာ ပြောကြားခဲ့ပါတယ်။
"ဟန်ဒါဆန်ဆိုရင် ရက်ရှ်ဖို့ဒ်ကို ခပ်ကြမ်းကြမ်းကစားနေခဲ့တယ်၊ သူ့ရဲ့ ခြေကျင်းဝတ်က လေဘောလုံးတစ်လုံးလိုမျိုး ပျော့ကျနေခဲ့ပါတယ်၊ သူ့ရဲ့ အခြေအနေအတွက် ကျွန်တော် အရမ်းစိတ်ပူမိခဲ့ရပါတယ်၊ ဒါပေမယ့် သူက ရဲရင့်တဲ့ မန်ချက်စတာမြို့သားတစ်ယောက်ပါ၊ ဒါက ဘာကိုဆိုလိုတာလဲ ဆိုတာကို သူ ကောင်းကောင်းသိပါတယ်၊ လူစားလဲဖို့ အခွင့်အရေးမရှိတော့တဲ့အတွက် သူ့ကို ကွင်းထဲမှာပဲ ဆက်ထားခဲ့ရပါတယ်"
"ကျွန်တော်တို့ အဆုံးအဖြတ်ဖြစ်သွားနိုင်တဲ့ အခွင့်အရေး တစ်ကြိမ်နှစ်ကြိမ်လောက် ရရှိခဲ့ပါတယ်၊ တကယ်လို့ စမောလင်းသာ တိုက်စစ်မှူးတစ်ယောက်ဖြစ်ခဲ့မယ်ဆိုရင် နောက်ဆုံးရရှိခဲ့တဲ့ အခွင့်အရေးကို သူ ဂိုးသွင်းနိုင်ခဲ့မှာပါ၊ ဂျက်ဆီလင်ဂတ်ဆိုရင်လည်း ဒဏ်ရာမရခင်မှာ အကြီးမားဆုံးအခွင့်အရေး တစ်ခုကို ရရှိခဲ့ပါသေးတယ်" လို့ ဆိုးလ်ရှားက ပြောကြားသွားခဲ့ပါတယ်။