မိုးဟေကိုကတော့ သူမကိုယ်တိုင် ခရီးတွေ ထွက်ပြီး မှတ်တမ်းတင်ထားခဲ့တဲ့ စာအုပ်လေးဟာ အခုချိန်မှာ အရမ်းတန်ဖိုးရှိတယ်လို့ ဆိုပါတယ်။
Photo: Moe Hay Ko
သရုပ်ဆောင် မိုးဟေကို ကတော့ ဘဝရဲ့ အမှတ်တရ တစ်ခုအနေနဲ့ ထုတ်ခဲ့တဲ့ “ ကျွန်မ ချစ်သော” ဆိုတဲ့ စာအုပ်လေးကို ၂၀၁၆ ခုနှစ်က ထုတ်ဝေခဲ့တာဖြစ်ပါတယ်။ ဒီစာအုပ်လေးဟာ Limited ရောင်းချခဲ့တဲ့ စာအုပ်လေးပါ။ သူမအနေနဲ့ ဒီစာအုပ်လေး ထုတ်ခွင့်ရခဲ့တဲ့ ပီတိလေးကို မီဒီယာတွေကနေတဆင့် ပြောပြလာပါတယ်။
“ မိုးရဲ့ အပြင်ဘဝမှာ ခရီးသွားတာ အရမ်းဝါသနာပါတဲ့ ကောင်မလေး တစ်ယောက်အနေနဲ့ ‘ကျွန်မ ချစ်သော’ ဆိုတဲ့ ခရီးသွားစာအုပ်လေးကိုထွက်ရှိနိုင်ခဲ့တယ်။ ဒီစာအုပ်လေးဟာ မိုးဘဝမှာ ဘယ်အချိန်ပဲကြည့်ကြည့် အမှတ်တရဖြစ်တယ်။ အခုဆို ဒီစာအုပ်လေးက ကြာလေ တန်ဖိုးရှိလေပဲ။ အဲဒီနယ်တွေကို အခု ကိုယ်သွားချင်ရင်တောင်မှ သွားလို့ မရတော့ဘူး။ အခုဆို ရောဂါဖြစ်နေတော့ ပိုတောင်ဆိုးသေးတယ်။ ဒါကြောင့် ဒီစာအုပ်လေးက မိုးအတွက် ကြာလေ တန်ဖိုးရှိလေပါပဲ” လို့ သူဆိုပါတယ်။
Photo: Life
ခရီးသွားရတာကို ဝါသနာကြီးသူ တစ်ယောက်ဖြစ်တာကြောင့် ခရီးတွေလည်း ထွက်ချင်နေပြီလို့ မိုးဟေကိုက ထာဝရ ဝိန့်စိန် ရွှေဆိုင် ကြော်ငြာရိုက်ကွင်းမှာ ဖြေဆိုခဲ့တာပါ။
“ ကိုယ်သွားချင်တဲ့နေရာတွေမှ အများကြီးပဲ။ ခရီးသွားခွင့်သာရပြီဆိုရင် ပြည်တွင်းခရီးတွေကို အရင်ပတ်ပြီးတော့ သွားလိုက်မှာ။ လှတဲ့နေရာတွေ အများကြီးရှိတယ်။ မိုးတောင် Day Trip လေးပဲသွားလိုက်ရတယ်။ သူများတွေက ညအိပ်ညနေသွားနေကြတဲ့ အချိန်မှာ ကိုယ်က Day Trip လေးပဲ သွားရတာ မကျေနပ်ဘူး။ အခုကျတော့လည်း ခရီးသွားလို့ အဆင်မပြေဘူးဖြစ်နေတယ်လေ" ဆိုပြီးတော့ ဆက်လက် ပြောပြခဲ့ပါတယ်။
Photo: Life
မိုးဟေကိုဟာ အနုပညာအလုပ်နဲ့ ပတ်သက်ပြီး တီဗီကြော်ငြာတွေပဲ ရိုက်ကူးနေရတာကို တွေ့ရပါတယ်။ သူ့ရဲ့ ကိုယ်ပိုင်ရုပ်ရှင်ထုတ်လုပ်ရေး ဖြစ်တဲ့ မိုးရုပ်ရှင်ထုတ်လုပ်ရေးကနေ ဇာတ်ကားကောင်းတွေ ထွက်ရှိနိုင်ဖို့ ကြိုးစားနေတယ် လို့ သိရပါတယ်။ နောက်ထပ် ပိုးထည်ဆိုင်ဘက်မှာ လည်း ဦးဆောင်နေရတယ်လို့ ဆိုပါတယ်။ သဘောကျတဲ့ ဇာတ်ကောင်စရိုက်တွေရှိရင်တော့ ရုပ်ရှင်ကားကြီး ရိုက်ဖြစ်တယ်လို့ သိရပါတယ်။