ကွယ်လွန်ချိန်မှာ အသက် ၉၁ နှစ် ရှိပြီ ဖြစ်ပါတယ်

ကွန်ပျူတာသမိုင်းကို အပြောင်းအလဲဖြစ်စေခဲ့တဲ့ ပထမဆုံး Mouse ကို တီထွင်သူတွေထဲက တစ်ဦးဖြစ်တဲ့ ဝီလျံအင်းဂလစ်ချ်ဟာ အသက် ၉၁ နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။

ခေတ်သစ် ကွန်ပျူတာကြားခံထုတ်ကုန်ပိုင်း စွန့်ဦးတီထွင်သူများထဲမှ တစ်ဦးဖြစ်တဲ့ ဝီလျံဘီလ်အင်းဂလစ်ချ်ဟာ အသက် ၉၁ နှစ်အရွယ် ဇူလိုင် ၂၆ ရက်နေ့မှာ ကွယ်လွန်သွားကြောင်း The New York Times သတင်းက ဖော်ပြထားပါတယ်။ သူဟာ ကွန်ပျူတာနည်းပညာသမိုင်းမှာ ထင်ရှားတဲ့ ၁၉၆၈ ခုနှစ်က Mother of All Demos ထုတ်ကုန်နမူနာများ ပြပွဲမှာ ခေတ်သစ်ကွန်ပျူတာသမိုင်းကို ပြောင်းလဲစေနိုင်မယ့် နမူနာထုတ်ကုန်တွေ ဖန်တီးသူများထဲမှ တစ်ဦးလည်း ဖြစ်ပါတယ်။



Photo: BBC

ဝီလျံအင်းဂလစ်ချ်ဟာ ၁၉၆၃ ခုနှစ်မှာ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက် ဒေါက်အန်ဂဲလ်ဘတ်ပေးတဲ့ အိုင်ဒီယာကို သုံးပြီး ပထမဆုံး Mouse ကို ဖန်တီးခဲ့တာပါ။ ကွန်ပျူတာသုံး Mouse တွေဟာ သူတို့တီထွင်ပြီး နောင်ဆယ်စုနှစ် ၂ ခုအကြာ အိမ်သုံးကွန်ပျူတာတွေ လူသုံးများလာမှပဲ အသုံးတွင်ကျယ်လာတာ ဖြစ်ပါတယ်။ 

"စာသားတွေ တည်းဖြတ်ဖို့အတွက် ကျွန်တော်တို့ အလုပ်လုပ်ခဲ့တယ်။ ရည်ရွယ်ချက်ကတော့ အက္ခရာစာလုံးတွေကို ရွေးချယ်နိုင်မယ့် ထုတ်ကုန်တစ်ခု ဖြစ်ဖို့ပါပဲ" လို့ မစ္စတာအင်းဂလစ်ချ်က ၁၉၉၉ ခုနှစ်တုန်းက Computer History Museum မှာ ပြောခဲ့ပါတယ်။

အင်းဂလစ်ချ်ဟာ အန်ဂဲလ်ဘတ်ရဲ့ လက်အောက် SRI Internation's Augmentation Research Centre (ARC) မှာ အလုပ်လုပ်ခဲ့ပြီး လူတွေနဲ့ ကွန်ပျူတာနည်းပညာတွေကို အပြန်အလှန် ကူးလူးဆက်သွယ်နိုင်မယ့် နည်းလမ်းသစ်တွေ ဖန်တီးခဲ့ပါတယ်။ Mouse ကို စတန်းဖို့ဒ်သုတေသန အင်စတီကျု့ဒ်မှာ ရှိတဲ့ မစ္စတာအန်ဂဲလ်ဘတ်ရဲ့ သုတေသနပရောဂျက်မှာ တီထွင်ခဲ့ပြီး ဒီ Prototype ကို ပထမဆုံး သုံးခဲ့သူကလည်း အင်းဂလစ်ချ်ပဲ ဖြစ်ပါတယ်။ 

Photo: wonderfulengineering


ပထမဆုံး Mouse ဗားရှင်းဟာ သစ်သားနဲ့ ပြုလုပ်ထားပြီး ခလုတ်တစ်ခုပဲ ပါရှိပါတယ်။ အောက်ခြေမှာ လှိမ့်လို့ရမယ့် ဘီးတစ်ခု ပါရှိပါတယ်။ ၁၉၆၈ ခုနှစ်မှာ ကျင်းပတဲ့ ကွန်ပျူတာထုတ်ကုန်ပြပွဲမှာ အန်ဂဲလ်ဘတ်ဟာ ဒီထုတ်ကုန်ကို ပထမဆုံးအကြိမ် သရုပ်ပြမိတ်ဆက်ခဲ့ပါတယ်။ အန်ဂဲလ်ဘတ်ဟာ အသက် ၈၈ နှစ်အရွယ် ၂၀၁၃ ခုနှစ်မှာ ကွယ်လွန်ခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က