ဟာသသရုပ်ဆောင်၊ လူရွှင်တော် ရှဲဒိုး ကွယ်လွန်ခဲ့တာ အခုဆိုရင် ၁၀ နှစ်ရှိပြီဖြစ်ပါတယ်။ သူ့ကို ချစ်တဲ့ ဟာသညီအစ်ကိုတွေကတော့ လုံးဝ မမေ့ဘူးလို့ လူရွှင်တော် ဝိုင်းချစ်က ပြောပါတယ်။
Photo: Wine Chit
နာမည်ကျော်လူရွှင်တော်တစ်ဦးလည်းဖြစ်၊ ဟာသသရုပ်ဆောင် တစ်ယောက်လည်ဖြစ်တဲ့ ရှဲဒိုး ကွယ်လွန်ခဲ့တာဟာ ဒီဇင်ဘာလ ၂၆ ရက်နေ့က ၁၀ နှစ်ပြည့်ခဲ့ပြီလို့ သိရပါတယ်။ ရှဲဒိုးကို မမေ့နိုင်သေးတဲ့အကြောင်းတွေကို လူရွှင်တော် ဝိုင်းချစ်က အခုလို ရင်ဖွင့်ပြောပြလာပါတယ်။
"သူငယ်ချင်း ရှဲဒိုး ရေ မင်းကွယ်လွန် သွားတာ ဒီဇင်ဘာ 26ဆိုရင် ဆယ်နှစ်ပြည့်သွားပြီနော်။ ဒါပေမယ့် ငါတို့ရင်ထဲမှာ တစ်နေ့မှ မေ့မရပါဘူး။ အနုပညာတွဲဖော်တွဲဘက် ရဲဘော်ရဲဘက်ကြီး သာကျော်(ခ) လှမြင့်(ခ) ရှဲဒိုး ရေ။ ကောင်းရာဘုံဘဝမှာရောက်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ မင်းရဲ့သူငယ်ချင်းဝိုင်းချစ် (ရွှေညီကို)" ဆိုပြီးတော့ ဒီဇင်ဘာလ ၂၆ ရက်နေ့ည ၁၁ နာရီကျော်က သူ့ရဲ့ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။
Photo: Wine Chit
လူရွှင်တော် ရှဲဒိုးကိုတော့ မော့စ် ရဲ့ အမူအရာတွေကို အမြဲလုပ်ပြတတ်တဲ့ သူအဖြစ် ပရိသတ်တွေ သတိထားမိမှာပါ။ သူဟာ ရွှေညီအစ်ကို ဆိုတဲ့ လူရွှင်တော်အဖွဲ့ကနေတဆင့် အငြိမ့်ပွဲတွေ လိုက်ကခဲ့သူ တစ်ယောက်ပါ။ အဲဒီနောက် ဗီဒီယို ဇာတ်ကားတွေမှာလည်း ဟာသသရုပ်ဆောင်အဖြစ် ပါဝင်ခဲ့ပါသေးတယ်။ တီဗီကြော်ငြာတွေလည်း ရိုက်ကူးခဲ့တာကို တွေ့ရပါတယ်။ ရှဲဒိုးကတော့ ၂၀၀၉ ခုနှစ် ၁၂ လပိုင်း ၂၆ ရက်နေ့မှာ ကွယ်လွန်ခဲ့တယ်လို့ သိရပါတယ်။
Photo: Wine Chit
ကွယ်လွန်သွားပြီဖြစ်တဲ့ လူရွှင်တော် ရှဲဒိုးကို သတိတရ လွမ်းဆွတ်တဲ့အကြောင်းတွေ ရေးဖွဲ့ထားသူကတော့ လူရွှင်တော် ဝိုင်းချစ်ဖြစ်ပါတယ်။ ဝိုင်းချစ်ကလည်း ရွှေညီအစ်ကို အဖွဲ့ဆိုတဲ့ အငြိမ့်အဖွဲ့ကနေ အနုပညာလောကထဲကို ရောက်ရှိလာသူပါ။ အဲဒီနောက် အဖွဲ့နဲ့ဖြစ်စေ၊ တစ်ဦးတစ်ယောက်တည်းဖြစ်စေ ဗီဒီယို ဇာတ်ကားတွေရိုက်ကူးခဲ့တာကို တွေ့ရပါတယ်။ အခုလက်ရှိမှာလည်း ကိုယ်ပိုင်စီးပွားရေးနဲ့ ကိုယ်ပိုင် မိသားစု ဘဝလေးကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ ရွှေညီအစ်ကို အဖွဲ့ကတော့ ၂၀၀၀ ခုနှစ်နောက်ပိုင်းမှာ အောင်မြင်မှုတွေရရှိပိုင်ဆိုင်လာတဲ့ လူရွှင်တော် အဖွဲ့တစ်ဖွဲ့ပါ။ ဒီအဖွဲ့မှာတော့ ငြိမ်းချမ်း၊ကောင်းကျော်၊ ဝိုင်းချစ်၊ ရှဲဒိုးနဲ့ ထက်ထက် ဆိုတဲ့ လူရွှင်တော်တွေ ပါဝင်ခဲ့ပါတယ်။