ကျိုက်နဲရေလယ်ဘုရားဖူးဖြစ်စဉ်အတွင်း ယနေ့ထိ ရှာမတွေ့သေးဘဲ ပျောက်ဆုံးကျန်ရှိနေတဲဲ့သူ (၆)ဦးရဲ့ ကျန်ရှိတဲ့ မိသားစုဝင်တွေဟာ (၇)ရက်ပြည့်တဲ့နေ့မှာတော့ ပျောက်ဆုံးနေသူတွေကို ရည်စူးပြီး ရက်လည်အလှူလေးပြုလုပ်ပေးသွားမှာဖြစ်တယ်လို့သိပါရတယ်။
စာရင်းအရ ပျောက်ဆုံးနေတဲဲ့သူ (၆)ဦးဟာ ဒီကနေ့ (၅)ရက်မြောက်နေ့အထိ ရှာဖွေတွေ့ရှိခြင်းမရှိတာကြောင့် မိသားစုဝင်တွေက သေဆုံးပြီလို့ပဲ သတ်မှတ်ကာ ကောင်းမှုကုသိုလ်တွေပြုလုပ်ပေးသွားမှာဖြစ်ပါတယ်။
“ ဒီနေ့ဆို (၅)ရက်ရှိပြီလေ။ ပြန်တွေ့လည်း အကောင်းပကတိတိုင်းဖြစ်မှာမဟုတ်တော့ဘူး။ အများနဲ့ဖြစ်တာဆိုတော့လည်း ဒီလိုပဲဖြေသိမ့်နေကြရတာပေါ့။ မိသားစုဝင်အားလုံးကတော့ ဘယ်စိတ်ကောင်းမလဲ။ ဖြစ်တဲ့နေ့ကတည်း မျှော်လင့်ချက်လေးနဲ့စောင့်နေပေမယ့် ဒီနေ့ထိ ဘာမှမထူးဘူးဆိုမှတော့ ကျန်တဲ့ မိသားစုက သူ့အတွက်ရည်စူးပြီး အလှူလေးပဲလုပ်ပေးဖို့ စီစဉ်ထားတယ်။ ဒီနေ့ (၅)ရက်ရှိပြီ (၇)ရက်ပြည့်တဲ့နေ့မှာ အလှူလုပ်မယ်”လို့ ရေနစ်ပျောက်ဆုံးနေတဲ့ (၁၂)အရွယ် ကလေးငယ်ရဲ့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။
ယနေ့ထိ ရှာမတွေ့သေးဘဲ ပျောက်ဆုံးနေဆဲ အသက် (၅၀)ကျော်အရွယ် အမျိုးသားတစ်ဦးရဲ့ မိသားစုဝင်တွေကလည်း (၇)ရက်မြောက်နေ့မှာ အလှူပြုလုပ်သွားမယ်ဆိုပါတယ်။
အဆိုပါအမျိုးသားဟာ သားဖနှစ်ယောက်လုံးရေထဲမျှောပါသွားတာဖြစ်ပြီး သမီးဖြစ်သူရဲ့ ရုပ်အလောင်းကိုတော့ ပြန်လည်တွေ့ရှိထားပြီးဖြစ်ပါတယ်။
“ (၇)ရက်နေ့မှာပဲ သားဖနှစ်ယောက်စလုံးအတွက် ရည်စူးပြီးအလှူလေးလုပ်ပေးမယ်။ အဖေဖြစ်သူရဲ့ ရုပ်အလောင်းကတော့ မတွေ့သေးဘူးပေါ့။ ရုတ်တရက်ရေတက်လာတဲ့အချိန်မှာ ခုလိုတွေမထင်မှတ်ဘဲဖြစ်ကုန်တာလေ။ ဘယ်သူက ဒီလိုဖြစ်မယ်လို့ကြိုသိကြမှာလဲ ဖြစ်လာမှတော့ သေသွားတဲ့သူတွေအတွက်ပဲ ကျန်ခဲ့တဲ့သူတွေက ဘဝကူးကောင်းအောင်ပဲ တက်နိုင်သလောက်လုပ်ပေးရတော့မှာပေါ့”လို့ ကျန်ရစ်သူ မိသားစုဝင်တစ်ဦးက ပြောပါတယ်။
ဓာတ်ပုံ - Aung Myint Myat
ကျိုက်နဲရေလယ်ဘုရားဖူးသွားသူတွေ နတ်လမ်းအတိုင်း လမ်းလျှောက်စဉ် ရေတက်လာချိန်မှာ လူ ၃၀ ကျော် လှိုင်းနဲ့မျှောပါသွားကြတဲ့ဖြစ်စဥ် ဖြစ်ပွားခဲ့မှုဟာ ဒီကနေ့နဲ့ဆို (၅)ရက်မြောက်ရှိပြီ ဖြစ်ပြီး ကြက်ခြေနီ၊ မီးသတ် အပါအဝင် ကယ်ဆယ်ရေးသမားတွေက (၃)ရက်မြောက်နေ့ထိ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို လုပ်ဆောင်ခဲ့ကြတယ်လို့သိရပါတယ်။
လက်ရှိအချိန်ထိ ဒီဖြစ်စဉ်မှာ သေဆုံးသူ အယောက် (၂၀)ထိရှိထားပြီး ပျောက်ဆုံးနေသူ (၆)ဦးကျန်ရှိနေဆဲဖြစ်ပါတယ်။
ပြန်လည်တွေ့ရှိထားတဲ့ သေဆုံးသူ အယောက် (၂၀)မှာ အမျိုးသမီး (၁၆)ဦး၊ အမျိုးသား (၂)ဦး ၊ သံဃာ(၁)ပါးနဲ့ ကလေးငယ်တစ်ဦးတို့ ပါဝင်ပါတယ်။
Share