ဒီကနေ့ မနက်က ဖြစ်ပွါးခဲ့တဲ့ မွန်ပြည်နယ် ၊ သံဖြူဇရပ်မြို့နယ်ရှိ ကျိုက်နဲရေလယ်ဘုရားကို ဘုရားဖူးသွားကြရင်း ပင်လယ်ရေနဲ့မျောပါသွားတဲ့ ဖြစ်စဉ်မှာ ညနေ (၄)နာရီအချိန်ထိ သေဆုံးသူရုပ်အလောင်း (၁၉)လောင်းထိဆယ်ယူရရှိထားပြီဖြစ်တယ်လို့ သိရပါတယ်။
သေဆုံးသူအလောင်း (၁၅)လောင်းကိုတော့ ဆေးရုံရဲ့ ဆေးစစ်ချက်အတည်ပြုချက်ရရှိထားပြီး ဖြစ်ရာ နောက်ထပ် (၄)လောင်းထပ်မံတွေ့ရှိခဲ့တာဖြစ်ပါတယ်။
ဓာတ်ပုံ - Aung Myint Myat
“ ခုထိတော့ (၁၉)လောင်းထိတွေ့ထားပြီ။ အသက်ရှင်လျှက်ကယ်ဆယ်နိုင်သူတွေကလည်း (၁၀)ယောက်ကျော်လောက်ရှိတယ်။ ဆေးရုံမှာဆေးကုသမှုခံယူနေပါတယ်။ အခုကယ်ဆယ်ရေးလုပ်ငန်းလုပ်နေတာမျိုးတော့မဟုတ်တော့ဘဲ ကမ်းစပ်ကိုကပ်လာတဲ့အလောင်းတွေကိုပဲ ဆယ်ယူနေရတာ။ ရေလည်းတက်နေပြီ ပျောက်နေသေးတဲ့သူတွေကလည်း အသက်ရှင်နိုင်မယ်မထင်တော့ဘူးလေ။ ကမ်းစပ်ပေါ်လာတဲ့အလောင်းတွေကိုပဲ ကောက်ယူနေရတာဖြစ်တယ်”လို့ ပိုင်ရှင်မဲ့ ပရဟိတအသင်းမှ တာဝန်ရှိသူကပြောပါတယ်။
ဒီဖြစ်စဉ်က စက်လှေတိမ်းမှောက်မှုကြောင့်မဟုတ်ဘဲ နတ်လမ်းပေါ်ကနေ လမ်းလျှောက်သွားကြရင်း လမ်းမပေါ်တဲ့နေရာအရောက်ဟာ ဘုရားဖူးပြည်သူတွေက ရင်ဘတ်လောက်ရှိတဲ့ ရေအနစ်ထိကို လမ်းလျှောက်သွားခဲ့ကြတာဖြစ်တယ်လို့ ပြောပါတယ်။
ဓာတ်ပုံ - Aung Myint Myat
ဘုရားဖူးပြည်သူတွေအရမ်းများပြီး လူဦးရေ (၅၀၀၀)လောက်ရှိတဲ့ လူအုပ်ဟာ အဆိုပါနတ်လမ်းအတိုင်း လမ်းလျှောက်နေစဉ် ရေတက်လာတဲ့အချိန်မှာ အတင်းတိုးဝှေ့သွားလာကြရင်းက ပြုတ်ကျရင်း လှိုင်းနဲ့မျှောပါသွားကြတာဖြစ်တယ်လို့သိရပါတယ်။
လက်ရှိအချိန်ထိ ရေထဲမျောပါသွားသူဦးရေကို အတိအကျမသိရသေးဘဲ ပျောက်ဆုံးနေတဲ့သူတွေလည်း ကျန်ရှိနေပါသေးတယ်။
လတ်တလောမှာတော့ ရှာဖွေကယ်ဆယ်ရေးထက် ကမ်းစပ်ကပ်လာတဲ့ အလောင်းတွေကို ဆယ်ယူနေရတဲ့ အနေအထားဖြစ်ပါတယ်။