မွန်ပြည်နယ် ၊ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးရဲ့ တောင်တော်ဖွင့်ပွဲကို နှစ်စဥ်ကျင်းပနေကျအတိုင်း လာမယ့် သတင်းကျွတ်လပြည့်နေ့တွင် ပြုလုပ်သွားမှာဖြစ်တယ်လို့ ကျိုက်ထီးရိုဘုရားဂေါ ပကအဖွဲ့၊ ရင်ပြင်တော်တာဝန်ခံကပြောပါတယ်။
တောင်တော်ဖွင့်ပွဲကို ကိုဗစ်ဆိုင်ရာစည်းကမ်းချက်တွေနဲ့အညီ အကျဉ်းချုံးပြီး ကျင်းပသွားမှာဖြစ်ပြီး ၊ တောင်တော်ပိတ်ပွဲကိုမူ ကဆုန်လပြည့်နေ့မှာ ပြုလုပ်မှာဖြစ်တယ်လို့ သိရပါတယ်။
သတင်းကျွတ်လပြည့်နေ့ကစပြီး ကဆုန်လပြည့်နေ့အထိ အချိန် ၇ လကာလသည် ကျိုက်ထီးရိုးဘုရားရဲ့ ဗုဒ္ဓပူဇနိယပွဲတော်ကာလဖြစ်တယ်လို့သိရပါတယ်။
ဓာတ်ပုံ - min chan myae zaw
"သတင်းကျွတ်လပြည့်နေ့ကစတင်ဖွင့်လှစ်ထားပြီး ကဆုန်လပြည့်ဆိုတောင်တော်ပိတ်ပွဲပေါ့။ နှစ်စဉ်ကျင်းပတယ်။ အကျဉ်းချုပ်ကျင်းပတာနဲ့ စည်ကားသိုက်မြိုက်စွာကျင်းပတာပဲကွာတယ်။ ခုကကိုဗစ်ကာလဖြစ်တော့ အကျဉ်းချုံးပြီးပဲ။ မိုးတွင်းကာလ လည်း ခရီးသွားတွေလာကြပါတယ်။အရင်ကတော့ တောင်ပိတ်ရင်မလာကြဘူး။ ခုကတော့ တောင်ပိတ်လည်း တောင်တက်ကားတွေရှိတော့ လာကြတာပဲ။ " လို့ ရင်ပြင်တော်တာဝန်ခံ ဦးအေးမြင့်သိန်းကပြောပါတယ်။
လက်ရှိမှာ ဆံတော်ရှင်ကျိုက်ထီးရိုတောင်တော်ဖွင့်ပွဲအတွက် သာဒနိက အဆောင်အဦးများ ဆေးသုတ်ခြင်း စတဲ့ ထိန်းသိမ်းမွမ်းမံမှုတွေကို ကြိုတင်ပြင်ဆင်စီစဉ်ဆောင်ရွက်နေတယ်လို့သိရပါတယ်။
ဒါ့အပြင် ကျိုက်ထီးရိုး ဘုရားရင်ပြရင်တော်ပေါ်မှာ ပျံကျဈေးသည်များ ဈေးရောင်းချခွင့်မပြုကြောင်းကိုလည်း အောက်တိုဘာလ ၉ ရက်နေ့ကစပြီး စာချိတ်ဆွဲကာအသိပေးတားမြစ်ထားတယ်လို့ ဆိုပါတယ်။
"ဈေးရောင်းခွင့်နဂိုထဲကမပြုပါဘူး။ဒါပေမယ့်ပျံကျဈေးသည်တွေကအတင်းလာရောင်းကျလို့ခုစာထုတ်ထပ်အသိပေးတာ။ကျတော်တို့လိုက်ဖမ်းရင်ပြေးကြတယ်။ " လို့ သူကထပ်မံပြောပြပါတယ်။
ရင်ပြင်တော်ပေါ်မှာ ဈေးရောင်းတာကိုစိစစ်တွေ့ရှိပါက တရားဥပဒေအရ အရေးယူပြီး တရားစွဲဆိုသွားမှာဖြစ်တယ်လို့ သိရပါ တယ် ။
လက်ရှိမှာတော့ ကျိုက်ထီးရိုး ဘုရားကို နေ့စဉ် လာရောက်ဖူးမျှော်နေကြတဲ့ ပြည်တွင်းခရီးသွားက သံဃာနဲ့လူတွေ အနည်းဆုံး တနေ့ကို ၆၀၀ ကနေ ၈၀၀ နီးပါးရှိတယ်လို့သိရပါတယ်။
Share